DVB Logo
Home
မြန်မာသတင်း
ကသာတွင် ဧရာဝတီမြစ်ရေ ၁၀ နှစ်အတွင်း အမြင့်ဆုံး စံချိန်တင်
DVB
·
July 15, 2019
ကသာတွင် ဧရာဝတီမြစ်ရေ ၁၀ နှစ်အတွင်း အမြင့်ဆုံး စံချိန်တင်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ ဧရာဝတီမြစ်ရေက မြို့ရဲ့စိုးရိမ်ရေအမှတ် ၁၀၄၀ စင်တီမီတာအထက်ကို ဇူလိုင် ၁၄ ရက်နေ့ကတည်းက ရောက်ရှိနေပြီး ဇူလိုင် ၁၅ ရက်  နေ့လည် ၁၂ နာရီခွဲအချိန် မိုးဇလရဲ့ တိုင်းထွာချက်တွေအရ ၁၀၆၆ စင်တီမီတာထိ ရောက်ရှိနိုင်ပါတယ်။

မြစ်ရေမြင့်တက်နေတဲ့အတွက် ကသာမြို့နယ်အတွင်း မြစ်အရှေ့ဘက်ကမ်းက ရေလယ်ကျွန်း၊ နွယ်နီ၊ လက်ပံဇင်၊ ဝေစွယ် စတဲ့ကျေးရွာတွေနဲ့ မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်အချို့မှာ နေအိမ်ပြောင်းရွှေ့ရတာတွေလည်း ရှိနေပါတယ်။

ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက “လောလောဆယ်တော့ ကျေးရွာ ၇ ရွာလောက်က အိမ်ခြေ ၁၀၄ အိမ်ရေဝင်ရောက်နေပြီး လူဦးရေ ၅၅၃ ဦး ရေဘေးသင့်နေတယ်။ ရေဝင်တဲ့ ကျေးရွာ ၂ ရွာက စာသင်ကျောင်း ၂ ကျောင်းယာယီပိတ်ထားတယ်။ ရေကြီးလို့ လူနဲ့ တိရစ္ဆာန်တွေသေဆုံးတာမရှိသေးဘူး။ နှစ်စဉ်ရေကြီးနေကျဖြစ်တဲ့အတွက် သိပ်တော့ အခက်အခဲတော့မရှိဘူး။ ရေ၊ စားစရာကိုလည်း လူမှုရေးအဖွဲ့အစည်းတွေက ကူညီတာတွေရှိနေတယ်။ ကျန်းမာရေးကိစ္စလည်း အဆင်ပြေပါ တယ်။ အစိုးရကလည်း ထောက်ပံ့တာတွေ လုပ်နေပါတယ်။”လို့ ပြောပါတယ်။

ကသာမြို့နယ်အတွင်း မြစ်ရေကြောင့် ကမ်းပါးပြိုတဲ့ နေအိမ် ၉၃ လုံးကိုလည်း ၁ အိမ်ကို ကျပ် ၁ သိန်းနှုန်းနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးနေပါတယ်။

ကသာမြို့ရဲ့ မြစ်ရေအခြေအနေက လက်ရှိမှာ ဆက်လက်တိုးနေဆဲဖြစ်ပြီး နောက်ထပ် ၂ ရက်၊ ၃ ရက်အတွင်း ၂ ပေကနေ ၃ ပေလောက်ထိ မြစ်ရေမြင့်တက်လာနိုင်သေးတယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကသာမြို့မှာ စိုးရိမ်ရေအမှတ်အထက်ကို ၁၉၇၉ ခုနှစ်က ၁၁၅၄ စင်တီမီတာအထိရောက်ရှိခဲ့ပြီး အမြင့်ဆုံးစံချိန်တင်ထားပါတယ်။ ၁၀ နှစ်ကို တကြိမ်မြစ်ရေ အမြင့်ဆုံးရောက်ရှိတတ်ပြီး အခုလက်ရှိရောက်နေတဲ့ စိုးရိမ်ရေအမှတ်က ၁၀ နှစ်အတွင်း အမြင့်ဆုံးလည်းဖြစ်တယ်လို့ မိုးဇလဌာနက သိရပါတယ်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနရဲ့စာရင်းတွေအရ လက်ရှိမှာ ဗန်းမော်၊ ရွှေကူ၊ ကသာနဲ့ ခန္တီး စတဲ့ မြို့ ၄ မြို့ရဲ့ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေပြီး မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေ သတိပြုနေထိုင်ကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

လတ်တလောမှာတော့ ကသာမြို့နယ်ကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနဲ့ တိုင်းအဆင့် ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရေဘေးသင့်အခြေအနေတွေကို သွားရောက် ကြည့်ရှုနေပြီး ကူညီကယ်ဆယ်ထောက်ပံ့ပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013