DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ခြေတုပေးအပ်
DVB
·
July 15, 2019
ကယားပြည်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ခြေတုပေးအပ်
1 / 6
Donate to DVB

ကယားပြည်နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ခြေထောက် ဆုံးရှုံးခဲ့ရတဲ့ မသန် စွမ်းသူ ၇၄ ဦးအတွက် ခြေတုတပ်ဆင်ပေးပွဲကို လွိုင်ကော်မြို့ မြို့နယ်ခန်းမမှာ ဒီကနေ့  ပြုလုပ်ခဲ့ပါတယ်။  

ကယားပြည်နယ်နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် ခြေတုပေးအပ်ပွဲကို ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) နဲ့ LDSC(Letter Day Saint Charities) တို့ ပူးပေါင် ပြုလုပ်ခဲ့တာဖြစ်ပြီး  အခမဲ ခြေတုတွေ ပေးအပ်တာပါ။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ကယားပြည်နယ်မှာ မသန်စွမ်း ဦးရေ ၁၆၀၀၀ ကျော်ရှိတဲ့အတွက် ပြည်နယ် လူဦးရေရဲ့ ၅.၈ ရာခိုင်နှုန်းနဲ့ မသန်စွမ်း ဦးရေ မြင့်မားနေတယ်လို့ အခမ်းအနားမှာ ပြောပါတယ်။

အခမ်းအနားကို တက်ရောက်လာတဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ်မှာ မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ လက်ရှိ ၃ နှစ်ကျော်မှာ အခုအခမ်းအနား အပါအဝင် သုံးလေးကြိမ်ခန့်ရှိပြီဖြစ်ကြောင်း၊ မသန်စွမ်းတွေအတွက် ရုံးဆောက်လုပ်ဆောင်ရွက်နိုင်ရေး မြေနေရာကိုလည်း ချထား ဆောင်ရွက်ပေးပြီးဖြစ်ကြောင်းနဲ့  NGO၊ INGO အဖွဲတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။

ဒီကနေ့ အခမ်းအနားမှာ မသန်စွမ်းသူ ဒူးခေါင်းအထက် ၁၀ ဦး၊ ဒူးခေါင်းအောက် ၆၅ ဦး စုစုပေါင်း ခြေတု ၇၅ ခုကို ပေးအပ်ခဲ့ပါတယ်။

ခြေတု ၂ ချောင်း လက်ခံရရှိတဲ့  အသက် ၁၇ နှစ်အရွယ် မမေဆန်းက ဒီလိုခြေတု ၂ ခုကို အခမဲ့ရရှိတဲ့အတွက် အတိုင်းမသိ ၀မ်းသာကြောင်းပြောပါတယ်။

“တအားပျော်တယ်။ အကယ်၍ ခြေတုတွေဟာ မရှိခဲ့လို့ရှိရင် အခုလို လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ပညာသင်ကြားနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် တအားပျော်တယ်။”

မမေဆန်းဟာ မွေးရာပါ မသန်စွမ်းသူတဦးဖြစ်ပြီးခြေကော၊ လက်ပါမသန်စွမ်းပါဘူး။ ဒါပေမယ့် ၂၀၁၈-၁၉ ခုကျင်းပပြုလုပ်ခဲ့တဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူး ၂ ဘာသာနဲ့ နှစ်ချင်းပေါက် အောင်မြင်သူလည်းဖြစ်ပါတယ်။

အလားတူ ခြေတုရရှိတဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ) အဖွဲ့ဝင်ဟောင်း ဦးစိုးခိုင်ကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က တိုက်ပွဲအတွင်းမှာ ခြေတဖက် ဆုံးရှုံးခဲ့ရပြီး အခုလို ခြေတုအခမဲ့တပ်ဆင်ပေးမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ခြေတုလာတပ်ပေးတဲ့ အဖွဲ့အကုန်လုံးကို ကျနော်တို့ မသန်စွမ်းသူအနေနဲ့ အများကြီး ကျေးဇူးတင်ပါတယ်။”

အသက် ၁၅ နှစ်အရွယ်ကတည်းက နွေရာသီကျောင်းပိတ်ချိန်မှာ ရွာပြန်လို့ မိုင်းနှင်းမိခဲ့ရတဲ့ ဒေါ်မာဂရက်ကသူ့အနေနဲ့ ခြေတုတပ်လာတာ အနှစ် ၂၀ ကျော်ခဲ့ပါပြီ။ ရှေ့ဆက် တခြားလူတွေ သူ့လိုမဖြစ်အောင်ဆင်ခြင်ဖို့နဲ့ မိုင်းအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုခဲ့ ပါတယ်။

“အဓိကကတော့ သွားလာတတ်ဖို့၊ ဆင်ခြင်တတ်ဖို့ပေါ့။ နည်းနည်းအန္တရာယ်ရှိတဲ့နေရာမှာ မရှိတော့အောင် ပပျောက်အောင် သူတို့ ပြန်လည်ပြီး ထိန်းသိမ်းရမှာပေါ့ အဲဒါပြောချင်တယ်။”

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နဲ့ LDSC တို့ပူးပေါင်းပြီး ခြေတုတပ်ဆင်ပေးခြင်းကို မန္တလေး၊ ဧရာဝတီ၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ မွန်၊ ကရင်နဲ့ ရခိုင် ပြည်နယ် တွေမှာ ၈ ကြိမ်ဆောင်ရွက်ခဲ့ပြီး ခြေတု ၈၀၀ ကျော် တပ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013