DVB Logo
Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ်က ကျောင်းဆက်တက်ခွင့်မရသည့် ကျောင်းသားများအတွက် ဆန္ဒပြ
DVB
·
July 15, 2019
ဒီပဲယင်းမြို့နယ်က ကျောင်းဆက်တက်ခွင့်မရသည့် ကျောင်းသားများအတွက် ဆန္ဒပြ
1 / 6
Donate to DVB

ဒီပဲယင်းမြို့နယ်၊ ဆင်ရောက်ကုန်းကျေးရွာက မူလတန်းကျောင်းသားကျောင်းသူ ၃၆ ယောက် ရွာမှာပညာဆက်လက်သင်ကြားခွင့် ဆုံးရှုံးနေရတဲ့အပေါ် ကျောင်းသားမိဘတွေနဲ့ ကျောင်းသား ကျောင်းသူ အင်အား ၁၀၀ ကျော်က ဒီကနေ့မနက်က  မုံရွာမြို့မှာ ဆန္ဒပြကြပါတယ်။

ဆင်ရောက်ကုန်းကျေးရွာက မူလတန်းကျောင်းကို အလယ်တန်းအဆင့် တိုးမြှင့်ဖို့ ကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၈- ၂၀၁၉ ပညာသင်နှစ်မှာ ကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ဖို့ ခရိုင်၊ မြို့နယ်ပညာရေးဌာနကနေ အလယ်တန်းပြ ၂ ဦး၊ မူပြ ၃ ဦးချထားပေးခဲ့ပြီး ရွာကနေ ဘွဲ့ရ ၄ ဦးကလည်း လုပ်အားပေးသင်ကြားပေးခဲ့ပါတယ်။ 

ဒါပေမယ့် တိုင်းအစိုးရ အစည်းအဝေးဆုံးဖြတ်ချက်အရ ဆင်ရောက်ကုန်းရွာကနေ တနယ်ကျေးရွာ အလယ်တန်းကျောင်းခွဲကို ပြောင်းရွှေ့သင်ကြားဖို့ အခုနှစ် ဇွန်လ ၂၆ ရက်နေ့က တိုင်းပညာရေးမှူး ရုံးကနေ ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ 

ဒါ့အပြင် ဇူလိုင် ၅ ရက်က တိုင်းပညာက ထုတ်ပြန်တဲ့စာမှာလည်း ပညာရေးဝန်ကြီးဌာနရဲ့ မူအရ မူလတန်းအဆင့်သာရှိတာဖြစ်လို့ အလယ်တန်းကို နီးစပ်ရာကျောင်းတွေမှာ တက်ရောက်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းက“တနယ်နဲ့ ဆင်ရောက်ကုန်းက ရွာချင်းကပ်နေတယ်ဆိုပေမယ့် ကျနော်တို့ ရွာကလေးတွေ သွားတက်ရင် ကလေးအချင်းချင်း လှောင်ပြောင်တာတွေတင်မကဘူး။ လူကြီးတွေကပါ လှောင်ပြောင်တာတွေရှိတယ်။ အဲဒီအတွက် ကြာလာရင် မကောင်းဘူး။ ကလေးတွေအတွက်လည်း စိုးရိမ်တယ်။ တခြားအနီးစပ်ဆုံး ကျောင်းကလည်း ၅ မိုင်လောက်ဝေးတယ်။ မိုးရာသီဆို လမ်းပန်းဆက်သွယ်ရေးက မကောင်းဘူး။ အခုဆို ကိုယ်ထူကိုယ်ထကျောင်းလည်း ဆောက်လုပ်ထားပြီးဖြစ်တယ်။ ဒါကြောင့် ကျောင်းအဆင့်တိုးပေးဖို့ အခုလို ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းပညာရေးမှူးရုံးကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီသာ ဆောင်ရွက်နေတာဖြစ်ပြီး သူတို့ရဲ့တင်ပြတောင်းဆိုချက်တွေကိုလည်း သက်ဆိုင်ရာ အဆင့်ဆင့် ကို ဆက်လက်တင်ပြပေးသွားမယ်လို့ပြောပါတယ်။

လက်ရှိအလယ်တန်း ကျောင်းသား ကျောင်းသူ ၃၆ ဦး ပညာဆက်လက်သင်ကြားနိုင်ရေး အတွက်လည်း ကိုယ်တက်ချင်တဲ့ အလယ်တန်းကျောင်းမှာ တက်ရောက်နိုင်အောင် ခွင့်ပြုပေးထားတယ်လို့ တိုင်းပညာရေးမှူးရုံး စီမံဌာန တာဝန်ရှိသူက ပြောပါတယ်။

အခုဆန္ဒပြပွဲက တတိယအကြိမ်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်ကလည်း ဒီပဲယင်း၊ မုံရွာ စတဲ့နေရာတွေမှာ အလယ်တန်းကျောင်းကို ဆင်ရောက်ကုန်းကျေးရွာကနေ ရွာနီးချင်းဖြစ်တဲ့ တနယ်ကျေးရွာကို ကျောင်းပြောင်းရွှေ့တာနဲ့ပတ်သက်လို့  မကျေနပ်လို့ ဆန္ဒပြခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013