DVB Logo
Home
မြန်မာသတင်း
ဗစ်တိုးရီးယားအမှု တရားသူကြီး ၂ ပါးထိုင် တရားခွင်စနစ်ဖြင့် စစ်ဆေးမည်
DVB
·
July 15, 2019
ဗစ်တိုးရီးယားအမှု တရားသူကြီး ၂ ပါးထိုင် တရားခွင်စနစ်ဖြင့် စစ်ဆေးမည်
Donate to DVB

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းက ကျောင်းသူလေး ဗစ်တိုးရီးယားရဲ့အမှုကို တရားသူကြီး ၂ ပါးထိုင် တရားခွင်စနစ်နဲ့ စစ်ဆေးမှာ ဖြစ်ပြီး စစ်ဆေးရာမှာ  ထူးခြားတာ ၃ ခုရှိမယ်လို့ ဒီအမှု လေ့လာဖို့လာတဲ့ ရှေ့နေတွေက ပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီးတရားခံအဖြစ် စွပ်စွဲဖမ်းဆီးထားတဲ့ ကိုအောင်ကြီးကို ဒီနေ့  နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးထုတ်ရာမှာ ရှေ့နေအသင်းကိုယ်စားလှယ်တွေ လာရောက် လေ့လာခဲ့ပြီးနောက် ပြောဆိုခဲ့တာပါ။

ဒီအမှုကို သာမန်အမှုတွေလို တရားသူကြီးတယောက်တည်း စစ်ဆေးမှာ မဟုတ်ဘဲ ခရိုင် တရားသူကြီးနဲ့ ဒု ခရိုင်တရားသူကြီး ၂ ဦးထိုင်တရားခွင်စနစ်နဲ့ စစ်ဆေးမယ်လို့ တရားရုံးရဲ့ ပြန်ကြားရေးအရာရှိကလည်း အတည်ပြုပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ထူးခြားတဲ့အချက်အနေနဲ့ ကျနော်တို့ကို ညှိနှိုင်းတာကတော့ ကလေးကို စစ်တဲ့အခါ ရိုးရိုးသာမန် တံခါးပိတ်စစ်ရုံတင်မဟုတ်ဘူးပေါ့။ Video Conferencing နဲ့စစ်မယ်လို့ ပြောပါတယ်။ ဗွီဒီယိုနဲ့ပေါ့၊ ထိတွေ့ခြင်းမရှိဘဲ Video Conferencing နဲ့စစ်မယ်။ နောက်တချက်ကတော့ ကလေးကို ရုံးကိုလာတဲ့အခါ စိမ်းမနေအောင် ၂၄ ရက် ရုံးချိန်းမတိုင်ခင် ကလေးကို ရုံးကိုခေါ်ပြီးတော့ ဒါဘယ်လိုမျိုး၊ ဒါဘယ်လိုဆိုပြီးတော့ ရုံးနဲ့ မိတ်ဆက်တဲ့အလုပ်တွေ လုပ်မှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့အခါလည်း ကျနော်တို့ကို ခေါ်မယ် ပြောပါတယ်” လို့ ပြောပါတယ်။

ဒါဟာ ကလေးအတွက်ရော၊ အမှုအတွက်ရော နိုင်ငံတကာစံနှုန်းနဲ့ ညီတယ်လို့ ယူဆတယ်လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

လေ့လာမယ့် ရှေ့နေအသင်းတွေအတွက် ဒီအမှုတွဲကို မိတ္တူကူးခွင့်ပေးထားသလို စစ်ဆေးတာကို လေ့လာခွင့်ပေးထားတယ်လို့လည်း သူက ပြောပါတယ်။

ဗစ်တိုးရီးယားအမှုကို ရှေ့နေအသင်း ၆ ခုက စောင့်ကြည့်ပြီး သိသင့်တာတွေကို မှတ်တမ်းတင် သတင်းထုတ်ပြန်နေမယ်လို့လည်း ရှေ့နေအသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာမီဒီယာရှေ့နေကွန်ရက်ရဲ့ ဥက္ကဋ္ဌ ရှေ့နေ ဦးအောင်စိုးက “ကျနော်တို့က တရားလို ဘက်ကလည်း မဟုတ်ဘူး။ တရားခံဘက်ကလည်း မဟုတ်ဘူး။ အားလုံးပြည်သူတွေရဲ့ ကိုယ်စား စောင့်ကြည့်မယ်။ တရားရုံးက ဘယ်နေ့မှာ ဘာလုပ်တယ်၊ စီရင်တယ် ဆိုတဲ့ အချက်အလက်အမှန်တွေကို ထုတ်ပြန်ပေးမယ်။ ဒီအန်အေ ကိစ္စမျိုးဆိုရင် ကျနော်တို့လည်း အဆင်သင့်လေ့လာထားတယ်။ တကယ်လို့များ ဒီအန်အေစစ်ဖို့လိုလာမယ်ဆိုရင် ကျနော်တို့ ပူးပေါင်းအကြံဉာဏ်ပေးမယ်” လို့ ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ တရားစွဲဆိုခံထားရတဲ့ ကိုအောင်ကြီးကို ဒီနေ့ ရုံးထုတ်ခဲ့ပေမယ့် မစစ်ဆေးသေးဘဲ တရားခံရှေ့နေ ပါဝါတင်တာ၊ အစိုးရဘက်ကနေ လိုက်ပါဆောင်ရွက်မယ့် တရားရေးအရာရှိတို့ကို တရားရုံး တင်ပြတာတွေ လုပ်ဆောင်ခဲ့ပြီး လာမယ့် ၂၄ ရက်နေ့ ရမန်ယူ ရုံးချိန်းခဲ့ပါတယ်။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၆ ရက်နေ့က အသက် ၃ နှစ်အရွယ် ကျောင်းသူ ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်တာပါ။

လက်ရှိအချိန်မှာတော့ အမှုစွဲဆိုထားတဲ့ ရဲတပ်ဖွဲ့က တင်သွင်းထားတဲ့ သက်သေ ၂၇ ဦးနေပြီး တရားစွဲဆိုခံရသူဘတ်က သက်သေတင်ပြထားတာမျိုးမရှိသေးဘဲ အမှုအခြေအနေ အပေါ် မူတည်ပြီး လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ တရားရုံးက သိရပါတယ်။

အောင်ဆန်းဦး၊ ပိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013