DVB Logo
Home
Lead Story
သဘာဝဘေးနှင့် လက်သန်းလေးများ (အယ်ဒီတာအာဘော်)
DVB
·
July 15, 2019
သဘာဝဘေးနှင့် လက်သန်းလေးများ (အယ်ဒီတာအာဘော်)
Donate to DVB

ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည့် ဆိုရိုးစကားအတိုင်းပင် ယခုလိုလမျိုးရောက်လျှင် မြန်မာနိုင်ငံတွင် မိုးဖြိုင်ဖြိုင် ရွာသွန်းလေ့ရှိသည်။

တဆက်တည်းမှာပင် မိုးကြီးပြီး ရေကြီးဆိုသည့် သတင်းစကားများလည်း ထွက်ပေါ်ပြီး ယခုပင်လျှင် ပြည်နယ်နှင့် တိုင်းဒေသကြီး လေးခုတွင် ရေကြီးသည့် သဘာဝဘေးဒဏ်ကို စတင် ခံစားနေကြရပေပြီ။

ဧရာဝတီ၊ ချင်းတွင်း စသည့်မြစ်ကြီးများ၏ အထက်ပိုင်းဒေသများတွင်  မြစ်ရေကြီး နေပြီဖြစ်သဖြင့် မြစ်၏ အောက်ပိုင်းဒေသများတွင်လည်း မကြာမီ မြစ်ရေကြီးလာနိုင်သည်။

မြန်မာနိုင်ငံတဝန်းလုံးတွင် မိုးရွာသွန်းမှု များပြားလာခြင်းနှင့်အတူ မြစ်ရေတက်ခြင်းကြောင့် ဇူလိုင် ၈ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၉,၅၀၀ ကျော်ကို ရေဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားရသည်ဟု သတင်းတပုဒ်တွင် ဖတ်ရသည်။

မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးမျိုးစုံ ဖြစ်ပွားနိုင်သည့် နိုင်ငံတနိုင်ငံ ဖြစ်ပါသည်။

မြန်မာပြည်တွင် ၂၅ နှစ်အတွင်း သဘာဝဘေး ၂၄ ခု ကြုံတွေ့ခဲ့ရပြီး သဘာဝဘေးဒဏ် မခံရသည့်နှစ် မရှိသလောက်ပင် ဖြစ်သည်။

အဆိုပါ သဘာဝဘေးများအတွင်း မြန်မာနိုင်ငံတွင် ဘေးဒုက္ခခံစားရသူပေါင်း ၁၂ သန်းကျော်ရှိပြီး အသက်ဆုံးရှုံးသူ ၁ သိန်း ၄ သောင်းနီးပါး ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် လူ ၁၀၀ ဘေးဒုက္ခခံစားရပါက ၁ ဒသမ ၁၃ ဦးနှုန်း သေဆုံးနေပြီး အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဘေးအန္တရာယ် ကျရောက်စဉ်ကာလ သေဆုံးနှုန်း မြင့်မားနေသည်။ အနီးစပ်ဆုံး ၂၀၁၅ ခုနှစ် ရေကြီးတုန်းက လူ ၁ သန်းကျော် ရေဘေးသင့်ခဲ့သည်။

အစိုးရက ရပ်ရွာလူထု အခြေပြု သဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

မြန်မာနိုင်ငံသည် ဘေးအန္တရာယ်တခုအတွက် ဖြေရှင်းဆောင်ရွက်ရန် မပြီးသေးခင်မှာပင် နောက်ထပ် သဘာဝဘေးတခု ဆက်တိုက်ဖြစ်ပေါ်နေသည့် အခြေအနေများကို ကြုံတွေ့နေရသည်ဟုလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ထုတ်ပြောထားသည်။

တိုင်းပြည်ထဲ တောပြုန်း တောင်ကတုံးများနှင့် ဥတုရာသီ ပြောင်းနေပြီဖြစ်သဖြင့် သဘာဝဘေးဒဏ်က ယခင်ကာလများထက် ဆိုးဆိုးဝါးဝါး ခံစားကြရမည်မှာ သေချာနေသည်။

အစိုးရက သဘာဝဘေးအတွက် အစီအမံကောင်းများ ချမှတ်ပြီး မြန်မြန်ဆန်ဆန် တုံ့ပြန် လုပ်ဆောင်ရန် လိုအပ်သလို အောက်ခြေကလည်း ခေါင်းရမ်းလျှင် အမြီးပါ အချိန်မီ လိုက်ရမ်းကြရန် လိုပေမည်။

လတ်တလောတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနက ရေဘေးအတွက် ဆောင်ရန်ရှောင်ရန် အချက်များ ထုတ်ပြန်ထားရာ ယင်းအချက်များကို သတိပြုနိုင်ရန် တင်ပြပေးလိုသည်။

မိမိအိမ် ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးထားရန် လိုအပ်သည်။

မိသားစု အရေးပေါ်ပြောင်းရွှေ့ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားရန်လည်း လိုအပ်သည်။

ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာများတွင် ထားရှိရန်၊ သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန်လည်း လိုအပ်သည်။

အရေးပေါ်သုံးပစ္စည်းများ၊ အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ရန် လိုအပ်သလို မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာရန်လည်း လိုပေသည်။

လက်သန်းလေးများဖြင့် လူထုတင်ထားသည့် အစိုးရလက်ထက်တွင် တာဝန်ယူထားသူများ အနေဖြင့် မည်သည့်ဘေးပင်ကြုံကြုံ မြန်မြန်ဆန်ဆန် တက်တက်ကြွကြွ လုပ်ဆောင်ကြရန် တိုက်တွန်းချင်သည်။

သဘာဝဘေးများက အစိုးရကို စိန်ခေါ်တတ်သလို အရောင်လည်း တင်ပေးတတ်ပြီး လက်သန်းလေးများ သန်းနဲ့ချီ ထပ်ရနိုင်သည်ကိုလည်း သတိပြုရန် ပြောလိုရင်းဖြစ်သည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013