DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ၃ မြို့နယ်တွင် ရေကြီးရေလျှံ၊  နေအိမ်များ ရေနစ်မြုပ်
DVB
·
July 15, 2019
ရခိုင်ပြည်နယ် ၃ မြို့နယ်တွင် ရေကြီးရေလျှံ၊  နေအိမ်များ ရေနစ်မြုပ်
1 / 7
Donate to DVB

မိုးအဆက်မပြတ်ရွာသွန်းလို့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၃ မြို့နယ် ကျေးရွာတော်တော်များက နေအိမ်တွေ ရေနစ်မြုပ်နေပြီး စစ်တွေ- ရန်ကုန်ကားလမ်းတချို့ ရေကျော်နေတာကြောင့် ကားတချို့သွားလာလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျေးရွာတော်တော်များများ ရေနစ်မြုပ်တဲ့ဒဏ် ခံစားခဲ့ကြတာဖြစ်ပြီး ဒေသခံတွေ ဘေးလွှတ်ရာမှာ ခိုလှုံနေကြရတယ်လို့ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းစိန်က ဒီဗွီဘီကိုပြောပါတယ်။

မြောက်ဦးမြို့နယ် မြောက်ဘက်မှာရှိတဲ့ ဂါရာဆည် ကျိုးပေါက်တဲ့အတွက် ကျောက်ကျက်ကျေးရွာ၊ စေတီတောင်ကျေးရွာ၊ ရွာဟောင်းတော၊ ကျောက်ဆည်ပြင်၊ ရန်အောင်ပြင်၊ ကျီးဟာပြင် စတဲ့ ကျေးရွာတွေမှာ ၄ ပေအထိ ရေမြုပ်နေတယ်လို့ ဆိုပါတယ်။

“မြောက်ဦးမြို့နယ် မြောက်ဘက်မှာရှိတဲ့ ဂါရာဆည်ကြီးပေါက်ပေါတယ်။ အဲ့ဒီအနီးအနားက ကျေးရွာတွေက အားလုံးနစ်မြုပ်နေပါတယ်။ မိုးကလည်း အဆက်မပြတ်နေတော့ ပိုပြီးတော့ ဆိုသွားတာပေါ့။ ဒီရွာတွေဘက်တွေမှာ ရေက ၃ ကနေ ၄ ပေအထိမြင့်တက်နေတယ်။ နောက်ထပ်ရေတွေ ကြီးလာမယ်ဆိုရင်တာ့ လယ်သမားတွေမှာ သိုလှောင်ထားတဲ့ စပါးကျီတွေကတော့ အားလုံးပျက်စီးသွားမှာပဲ” လို့ပြောပါတယ်။

ရန်ကုန် စစ်တွေလမ်းမကြီး မိုင်တိုင် ၁၀၁ နဲ့ ၁၀၂ တို့မှာ ရေကျော်မှုတွေ ဖြစ်နေတာကြောင့် ကားတွေရပ်တန့်နေကြရသလို တချို့ကားတွေလည်း လှည့်ပြန်သွားကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာနဲ့ အပေါက်ဝကျေးရွာတွေကြားမှာ ရေကြီးနေလို့ ကျီးနက်ကန်ကျေးရွာ၊ သရက်သပင်၊ ရွာမပြင်၊ သာယာကုန်း၊ ရွေတလင်၊ ကျောက်တလုံး၊ မင်းသားတောင်၊ စပါးဆိပ်ကျေးရွာ တွေမှာလည် ရေနစ်မြုပ်မှုဒဏ် ခံနေကြရတယ်လို့ ဦးထွန်းသာစိန်ုက ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံးသာချောင်း၊ ပန်းမြောင်းကြီးချောင်း​တွေက ရွှေကျင်၊ ဒိုင်းသား၊ ချင်းဆိတ်၊ မြင်းကင်းဆိပ်၊ ကုလားမတောင်၊ တံခွန်တိုင်၊ ဒုံကြီး၊  တောတန်း၊ ခွဆုံ၊ ထိန်ပင်၊ ငတာ၊ ပွဲရကံဆိပ်၊ အိုးပျဉ်တောင်၊ ပြင်ယောင်း၊ မင်းဖူးတို့ ဖြစ်ကြပြီး ကပ်ပဲ၊ ပုလဲတောင်၊ သာစည်၊ ဝါးတောင် စတဲ့ကျေးရွာတွေလည်း ရေကြီးမှုဒဏ်ခံနေကြရပါတယ်။

မင်းပြားလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ”မင်းပြားမြို့နယ်မှာဆိုရင် ကျေးရွာပေါင်း ၄၀ ကျော်နစ်မြုပ်နေတယ်။ လေးမြို့ချာင်းနဲ့ ဖုံသချောင်းမြစ်ရေတွေကြောင့် နေအိမ်တွေ အကုန်နစ်မြုပ်နေတယ်။ အဲ့ဒီဘက်က ကျေးရွာတွေမှာဆိုရင် မင်းဖူးတို့၊ မြင်းကင်းဆိပ်ဆိုရင် နေအိမ်တွေ အကုန်နစ်မြုပ်နေပြီ၊ ၅ ပေကနေ ၆ ပေအထိ နစ်မြုပ်နေတယ်။ အခုဆိုရင် မင်းပြားမြို့ထဲအထိတောင် ရေကနစ်မြုပ်လာတယ်။ မြို့ထဲမှာဆိုရင် ရေ ၁ ပေကျော် နစ်မြုပ်နေပြီ” လို့ပြောပါတယ်။

မြောက်ဦးမြို့နယ်က တိမ်ညိုကျေးရွာအနီး ကားလမ်းနားဘေးမှာ တဲထိုးပြီးနေထိုင်တဲ့ စစ်ဘေးရှောင်အိမ်ထောင်စု ၇၂၁ စု၊ လူဦးရေ ၃၀၀၀ ဟာ ရေနစ်မြုပ်တွေကြောင့် ကုန်မြင်နေရာ ဘုန်းတော်ကြီးကျောင်းကို အရေးပေါ် ပြောင်းရွှေ့လိုက်ရတယ်လို့ တိမ်ညိုစစ်ဘေးရှောင်စခန်းတာခံ ကိုဝေလှအောင်က ဒီဗွီဘီကိုပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့နယ်အပါအဝင် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်း ပြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးတွေခက်ခဲတာ၊ ကယ်ဆယ်ရေးတွေ အရေးပေါ်မကူညီနိုင်တာတွေကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေပေးတဲ့နေရာမှာ များစွာနှောင်နှေးမှုတွေကြုံနေရတယ်လို့ လူမှုအဖွဲ့အစည်းတွေက ပြောထားပါတယ်။

မိုးရွာတာများပြီး ရေကြီးရေလျှံနေလို့ ဇူလိုင် ၄ ရက်နေ့အထိ တနိုင်ငံလုံးမှာ ရေဘေးရှောင်ပြောင်းရွှေ့နေရသူပေါင်း ၁၁၀၀၀ ကျော်ရှိတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း-ဝဏ္ဏခွာညို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013