DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးတွင် ရေဘေးကြောင့် ပြောင်းရွှေ့ရသူ ၁ သောင်းကျော်ရှိ
DVB
·
July 14, 2019
တနိုင်ငံလုံးတွင် ရေဘေးကြောင့် ပြောင်းရွှေ့ရသူ ၁ သောင်းကျော်ရှိ
1 / 6
Donate to DVB

မိုးရွာတာများပြီး ရေကြီးရေလျှံနေလို့ တနိုင်ငံလုံးမှာ ရေဘေးရှောင်ပြောင်းရွှေ့နေရသူပေါင်း ၁၁၀၀၀ ကျော်ရှိတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီနေ့ ညနေ ၃ နာရီအချိန်ထိ စာရင်းတွေအရ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ရေဘေးရှောင်နေရသူပေါင်း ၁၁၀၆၁ ယောက် ရှိနေတာပါ။

ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား၊ ဆင်ဘို၊ ဝိုင်းမော်၊ တနိုင်း၊ ဆော့လော်၊ ဗန်းမော်၊ ရွှေကူနဲ့ နောင်မွန်းမြို့တို့မှာ ရေကြီးနေပြီး လူဦးရေ ၇၁၀၀ ရေဘေးရှောင်နေရပါတယ်။ အဲဒီမြို့နယ်တွေမှာ အိမ် ၈ လုံးလည်း ရေနဲ့မျောပါပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လူအများဆုံးရဘေးရှောင်ခဲ့ရတဲ့ မြစ်ကြီးနားမှာတော့ လူတယောက် ရေမျောပါ ပျောက်ဆုံးခဲ့ပြီး ဒီနေ့ ရေပြန်ကျနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

အကျဲရွာ ဒေသခံဒေါ်ထုလွမ်က “အမျိုးသားတယောက် သောကြာနေ့ (ဇူလိုင် ၁၂ ရက်) မနက် အစောပိုင်းကတည်းက နန်းဘုတ်ချောင်းထဲမှာ မျောသွားတာ။ အခုလည်း ရှာနေတယ်။ မတွေ့သေးဘူး။ ရွာကတော့ မိုးကောင်းလမ်းဘက်ကလည်း ရေမြုပ်နေတယ်၊ တံတားကလည်း မြုပ်နေတော့ အဆက်အသွယ်ပြတ်နေတယ်။ ရေနစ်သွားတဲ့ အိမ်တွေကတော့ ရေပြန်ကျရင်တောင်မှ ပြန်နေလို့ရတော့မှာ မဟုတ်တော့ဘူး။ ပြိုကျမှာ” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ပေါ်မှာတော့ ကြက်ပေါင်ခြံ၊ ပမ္မတီး၊ အလယ်ကုန်း။ အောင်သိဒ္ဓိ စတဲ့နေရာတွေမှာ ရေရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့နေ ကိုချစ်ကိုက “မြစ်ကြီးနားအထွက် ရှဒေါင်ရွာနားမှာ ကားလမ်း ရေကျော်နေတာ ရှိတယ်။ မိုးကတော့ မနေ့ညနေအထိပဲ ရွာတယ်။ ခုတော့ မရွာဘူး” လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့သတင်းအရ နောင်မွန်မြို့နယ်မှာ အရှည် ၂၅၀ ပေရှိတဲ့ လုံခါးကြိုးတံတား ပြိုကျပျက်စီးခဲ့သလို ဆော့လော်မြို့နယ်၊ ခပတ်ရွာအလယ်မှာ အရှည်ပေ ၇၀၀ လောက် အက်ကြောင်းဖြစ်ပြီး မြေ ၄ ပေလောက်နိမ့်ဆင်းသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာတော့ ခန္တီးနဲ့ ကသာတို့မှာ ရေကြီးနေပြီး လူဦးရေ ၇၀၇ ယောက် ရေဘေးရှောင်နေရပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ဆမီးမြို့တို့မှာတော့ ရေဘေးကြောင့် အိမ် ၂ လုံး ပျက်စီးခဲ့ပြီး လူ ၆၈၂ ယောက် ရေဘေးသင့်နေပါတယ်။

ရခိုင်ပြည်နယ်က မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့မှာ ရေကြီးနေတာကြောင့် လူ ၂၅၇၂ ယောက် ရေဘေးရှောင်နေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

မြောက်ဦးမြို့နယ်ထဲက ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်အမှတ် ၁၁၀ ကနေ ၁၂၀ အထိ လမ်းပေါ်ရေကျော်နေလို့ ကားလေးတွေ ဖြတ်မရဘူးလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

မွန်ပြည်နယ်၊ ဘီးလင်းမှာတော့ ရေဘေးကယ်ဆယ်ရေးစခန်း ၄ ခုကို ဇူလိုင် ၉ ရက်က စဖွင့်ခဲ့ရပြီး ရေကျသွားပြီဖြစ်လို့ မနေ့ကပဲ ကယ်ဆယ်ရေးစခန်းတွေ ပိတ်လိုက်ပြီလို့ ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးက ဆိုပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် မြို့နယ်အချို့က စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Kyaw Myo Hlaing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013