DVB Logo
Home
မြန်မာသတင်း
ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး ကယားပြည်နယ်တိုးတက်မှု အသိသာဆုံးဟု ဒုသမ္မတ ပြော
DVB
·
July 14, 2019
ခရီးသွားလုပ်ငန်းနှင့်ပတ်သက်ပြီး ကယားပြည်နယ်တိုးတက်မှု အသိသာဆုံးဟု ဒုသမ္မတ ပြော
1 / 7
Donate to DVB

ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ကယားပြည်နယ်ဟာ တိုးတက်မှု အသိသာဆုံးဖြစ်တယ်လို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြား လိုက်ပါတယ်။ 

ဒီကနေ့ လွိုင်ကော်မြို့ ကယားပြည်နယ်ခန်းမမှာ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊  လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုသွားတာပါ။ 

“တိုင်းနဲ့ပြည်နယ် ၁၄ခု နေပြည်တော်အပါအ၀င် ၁၅ ခု သုံးသပ်ကြည့်တဲ့အခါမှာ ကယားပြည်နယ်မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုအသိသာဆုံးမှာ ကျနော်တို့ ကယားပြည်နယ်အပါအ၀င်ဖြစ်တယ်။ အဲဒါကြောင့် လူကြီးတွေကလည်း စိတ်ဝင်စားတယ်။ ကယားပြည်နယ်ရဲ့ ဘက်စုံဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခရီးသွားလုပ်ငန်းကို တော်တော်လေး လူကြီးတွေက စိတ်ဝင်တစားရှိတဲ့အတွက်ကြောင့် ဒီကိစ္စ ခရီးသွားလာရေးနဲ့ပတ်သက်ပြီးတော့ ဌာနတခုတည်းနဲ့ လုံလောက်မှာမဟုတ်ပါဘူး။ အားလုံးဌာနပေါင်းစုံဆက်စပ်မှု ရှိတဲ့ဌာနပေါင်းစုံ အားလုံးကနေပြီးတော့ ၀ိုင်းဝန်းပြီးတော့ တက်ညီလက်ညီ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခု ကျနော် ပထမအကြိမ်လာရောက်တဲ့ အနေအထားနဲ့ အခုချိန် အင်မတန်ကွာပါတယ်။ တိုးတက် ပြောင်းလဲမှု အများကြီးပဲ။ အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး တော်တော်ကိုပြောင်းလဲ ပါတယ်။ ဒါအမှန်အတိုင်းကို ပြောခြင်းဖြစ်ပါတယ်” လို့ သူ့ အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားခဲ့ပါတယ်။ 

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ကယားပြည်နယ်ကို ဇူလိုင် ၁၂ ရက်နေ့ကတည်းက ရောက်ရှိခဲ့တာဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံအပြီး နေပြည်တော်ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။ 

သူရဲ့ပထမနေ့ခရီးစဉ်မှာ ပြည်နယ်ရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ မိုးဗြဲဆည်၊ ထီးဆဲခါးရေတံခွန်နဲ့ ကယန်းရွာကို သွားရောက်ခဲ့သလို  ဒုတိယနေ့ခရီးစဉ်မှာ မယ်စဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တလျှောက်ရှိ နေရာတွေကို သွားရောက်လှည့်လည်ကြည့်ရှု ခဲ့ပါတယ်။

ဒီကနေ့မှာတော့ လောပိတဓာတ်အားပေးစက်ရုံ၊ အိမ်တွင်းမှုသက်မွေး ပညာသင်တန်း ကျောင်းနဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ ပြည်နယ်ခန်းမ က တာဝန်ရှိတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ 

အခုလာရောက်တဲ့ ခရီးစဉ်ဟာ ကယားပြည်နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ ခရီးသွား လုပ်ငန်းတွေနဲ့ပတ်သက်တပြီး  တတ်စွမ်းသမျှ ကူညီပံ့ပိုးပေးဖို့ လာရောက်တာဖြစ်ကြောင်းလည်း အဖွင့်အမှာစကားမှာ ပြောဆိုခဲ့ပါတယ်။ 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုကလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး  နိုင်ငံတော်အကြီးအကဲတွေ အနေနဲ့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စေတနာ မေတ္တာများဖြင့် လာရောက်ဆောင်ရွက်ပေးမှုအပေါ် ပြည်နယ်သူသားများ ကိုယ်တိုင် ဝမ်းမြောက် ပျော်ရွှင်နေမည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော် အကြီးအကဲတွေရဲ့  အသိအမှတ်ပြုမှုကို ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားသားများ ညအိပ်ရပ်နားနိုင်မယ့် ဒေသတွေကို တိုးမြင့်စေလိုတယ်လို့လည်း တင်ပြခဲ့ပါတယ်။

“ဒီကယားပြည်နယ်မှာ ဒီထက်မက လူမှုစီပွားအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတဲ့နေရာမှာ ဒီအချက်လေးတချက်ကို တင်ပြလိုပါတယ်။ ဘာလိုနေသလဲဆိုရင် ကျနော်တို့ အရှိန်အဟုန်နဲ့ လုပ်နေတဲ့အနေအထားတခုမှာ ပိုပြီးတော့ တိုးတက်အောင်သွားမယ့်နေရာမှာ လွိုင်ကော်မြို့ပေါ် တမြို့နယ်တည်းကိုပဲ ကျနော်တို့ ခရီးသွားလုပ်ငန်း နိုင်ငံခြားသားတွေ အိပ်ခွင့်ရတဲ့ အနေအထားလေးတခုဖြစ်တယ်။ တခြားမြို့နယ်တွေမှာ နိုင်ငံခြားသားခရီးသွား သွားအိပ်ချင်တယ်။ ဒီလွိုင်ကော်မှာပဲ လာအိပ်ရတယ်။ သူတို့ ဒီမော့ဆို၊ ဖရူဆိုသွားမယ်ဆိုရင် သွားအိပ်လို့မရဘူး ပြန်လာပြီး လွိုင်ကော်မှာပဲ အိပ်ရတယ်။ အဲတော့ တခြားတိုင်းဒေသကြီးမှာ ခွင့်ပြုပေးသလို ကျနော်တို့ကယားပြည်နယ်မှာလည်း အရှိန်အဟုန်နဲ့ လုပ်နေတဲ့အချိန်မှာ ၂ ညအိပ် ၃ ရက်၊ ဒါမှမဟုတ် ၆ ညအိပ် ၇ ရက်ကို မြို့နယ် ၆ မြို့နယ်မှာ အနည်းဆုံး ခွင့်ပြုပေးဖို့အတွက်ကို ကျနော့်အနေနဲ့ လေးစားစွာ တင်ပြအပ်ပါတယ်။ ”

ဒီတွေ့ဆုံပွဲ အခမ်းအနားမစခင်မှာတော့ ကယားပြည်နယ်က မြေယာအခက်အခဲဖြစ်နေတဲ့ ကယားပြည်နယ်တောင်သူတွေကနေပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မီတီ ဥက္ကဋ္ဌနဲ့ အယ်ယောမြေနှင့် အခြားမြေများသိမ်းဆည်ခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီရုံးနေပြည်တော်ဆီ လိပ်မူပြီး အိတ်ဖွင့်ပေးစာ လာရောက်ပေးအပ်ခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013