DVB Logo
Home
Lead Story
နောက်နောင်မှာ အမှန်တရားကို မဖော်ထုတ်ရဲတော့မှာကို စိုးရိမ်တယ် - မပိုးဖြူ
DVB
·
July 14, 2019
နောက်နောင်မှာ အမှန်တရားကို မဖော်ထုတ်ရဲတော့မှာကို စိုးရိမ်တယ် - မပိုးဖြူ
Donate to DVB

နေပြည်တော် ပုဂ္ဂလိက မူကြိုကျောင်းက ကလေးမလေး လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်ရေး မြို့ကြီးတော်တော်များများမှာ ဆန္ဒပြတောင်းဆိုနေကြပါပြီ။ သက်ငယ် မုဒိမ်းမှုတွေ အရင်ကလည်း ဖြစ်ခဲ့ပေမယ့် ဒီ ဗစ်တိုရီးယားအမှုကတော့ အွန်လိုင်းမှာ လူပြော အများဆုံးနဲ့ အပျံ့နှံ့ဆုံးဖြစ်ခဲ့ပါတယ်။

ဒီလို ဆန္ဒမပြခင်က မြန်မာနိုင်ငံက ဖေ့စ်ဘွတ်ခ်သုံးစွဲသူ တော်တော်များများဟာ တရားမျှတမှုကို တောင်းဆိုတဲ့ ဗစ်တိုရီးယား ပရိုဖိုင်တွေ ပြောင်းလဲတာ၊ ဌာနဆိုင်ရာတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တင်တဲ့ ပို့စ်တွေမှာ ဒီအကြောင်းကို မှတ်ချက်ပေးတာတွေ အများအပြားလုပ်ခဲ့ကြပါသေးတယ်။

ဒီအမှုဟာ အွန်လိုင်းကတဆင့် လူတွေလမ်းပေါ်ထွက် ဆန္ဒပြတဲ့အဆင့်အထိ အရှိန်ကောင်းလာခဲ့တာပါ။

ဒီအမှုအကြောင်းလူသိအောင် ဖေ့စ်ဘွတ်ခ်ကနေ တိုက်ရိုက်ဗွီဒီယို ထုတ်လွှင့်ခဲ့သူကတော့ မပိုးဖြူပါ။ လတ်တလောအခြေအနေတွေအကြောင်း သူ့ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ညီမကို ဖမ်းတယ်၊ တရားစွဲတယ်ဆိုပြီး သတင်းတွေ ထွက်နေတာရှိတယ်။ အဲဒါက ဘယ်လိုလဲ။

ဖြေ။ မဟုတ်ဘူး။ အဲနေ့တုန်းက ညီမနေပြည်တော်တက်တာ၊ လမ်းမှာကားပျက်တယ်။ ဖုန်းကလည်း အားမရှိတော့ အဆက်အသွယ်ပြတ်သွားတာပါ။

မေး။ ဗစ်တိုရီးယားကိစ္စကို ဘယ်လိုစသိခဲ့တာလဲ။

ဖြေ။ ညီမက နေပြည်တော်ဘုန်းကြီးကျောင်းတခုကို သွားရင်းနဲ့ အဲဒီသတင်းကို ကြားတယ်။ ကိုယ်တိုင်လည်း သွားကြည့်ဖြစ်တယ်။ သြော် ဒီလိုပဲ ဖြစ်မှာပါလေဆိုပြီးနေခဲ့တယ်။ ကျောင်းဆိုတော့ သေးသေးလေးလို့ထင်တာ။ သွားကြည်တော့ ကျောင်းအကြီးကြီးဆိုတော့ မဖြစ်နိုင်လောက်ပါဘူး၊ ကောလာဟလဖြစ်ချင်ဖြစ်မှာပေါ့ ဆိုပြီးပြန်လာလိုက်တာ။ နောက်ပိုင်းတော့ သတင်းပေးတဲ့သူတွေလည်း ရှိလာတယ်။ အခုအချိန်တော့ ဒီအမှုက ဘယ်သူမှလည်း မသိဘူးပေါ့။ ဗစ်တိုးရီးယားလေးရဲ့ မိခင်ကလည်း အမှုဖွင့်ထားတယ်ဆိုတဲ့ သတင်းရတယ်။ ကလေးဘက်က နစ်နာတယ်ဆိုတော့ ညီမကလည်း ဘာရယ်မဟုတ်ဘူး လိုင်းပေါ်ကို တင်ပေးလိုက်တာ။ 

ရက်စွဲကတော့ သိပ်မမှတ်ဘူး။ မေ ၁၈၊ ၁၉ ရက်ဝန်းကျင်လောက်က သိရတာ။ မေ ၃၁ ရက် ညပိုင်းမှာ တင်လိုက်တာပါ။ 

မနက်ကျတော့ ရှယ်တဲ့သူ အများကြီးဖြစ်သွားတယ်။ လူတွေအကုန်သိသွားတယ်။ ဒါပေမယ့် ညီမ ဆက်မလုပ်တော့ဘူး၊ မရေးတော့ဘူး၊ ညီမ ရပ်တယ်။ ကိုယ့်ရဲ့ မျက်မြင်လည်း မဟုတ်တော့ ရပ်လိုက်တယ်။ ဒါပေမယ့် ဖြစ်ချင်တော့ ကလေးလေးရဲ့ အဒေါ်နဲ့ ဖုန်းပြောဖြစ်တယ်။ သူကလည်း ပြောပြလာတာရှိတယ်။

ညီမ ပထမ လိုက်ဖ်လွှင့်ပြီးပြောတာမှာ ညီမကို သတင်းပေးတာမှာ နည်းနည်းလေး ပိုသွားတာတွေ ရှိတယ်။ ဖြစ်ရပ်ကမှန်တယ်။ ပိုသွားတာပေါ့။ ဒါကတော့ ဘယ်သူဘယ်သူရယ်လို့ ညီမက ဖွင့်ချမှာ မဟုတ်ပါဘူး။ ဒါကိုလည်း နောက်ထပ် လိုက်ဖ်လွှင့်ပြီး ရှင်းပြခဲ့ပါတယ်။ 

သူများ ညီမကိုပေးတဲ့သတင်းအရ ညီမက ပြောပေးတာ။ ညီမက ပိုပြီးပြောလိုက်တာ မဟုတ်ဘူး။ ဖြစ်စဉ်ကတော့ အမှန်။ ညီမကိုယ်တိုင်ကလည်း ဒီကလေးလေးရဲ့ မိဘတွေကို သိလို့လားဆိုတော့ မသိဘူး။ ကျောင်းဘက်ကိုလည်း မသိဘူး။ ဖြစ်စဉ်အမှန်ဆိုတာကတော့ ညီမလည်း ဒီဘက်က သတင်းအခိုင်အလုံတခုကနေပြီးတော့ အဲလိုမျိုးပေါ့နော်။ အသိတယောက်နေ လာပြောတာလည်း ရှိတာပေါ့။ တကယ်တော့ လူတွေပြောပြတာနဲ့ အချက်အလက်တွေကို ညီမက တင်ပေးတာ။

မေး။ ကလေးအဒေါ်နဲ့ပြောတဲ့အခါမှာဘာတွေ သိရလဲ။ ညီမပြောခဲ့တာနဲ့ ဘာတွေ ကွဲလွဲတယ်ဆိုတာ သိရလဲ။

ဖြေ။ အင်း။ ကလေးအဒေါ်နဲ့ပြောတဲ့အခါမှာ သိရတာက ကွဲပြဲသွားတာမဟုတ်ဘူး ဆိုတာကိုပေါ့။ အဲအချိန်မှာ ညီမက လိုက်ဖ်လွှင့်ပြီးသွားပြီ။ ပြီးမှ သိရတာလေ။ ကိုယ်လည်း ကလေးအမေဖြစ်တော့ ရင်ထဲမှာနာတယ်ပေါ့။ အရမ်းခံပြင်းသွားတာ။ ကိုယ့်သားသမီးလေးသာ ဆိုရင် ဆိုတဲ့ စိတ်နဲ့ ညီမက အဲလိုမျိုးတင်ပေးလိုက်တာ။

မေး။ ဒီမတိုင်လည်း သက်ငယ်မုဒိမ်းမှုတွေ ရှိခဲ့တယ်လေ။ ဒီအမှုမှာက ဘာများ ပိုပြီး စိတ်ဝင်စားစရာရှိနေလို့ ခုလို လိုက်ဖ်လွှင့်ပြောဆိုခဲ့တာလဲ။

ဖြေ။ အမှုနဲ့ပတ်သက်တာ အကုန်လုံးက စိတ်ဝင်စားစရာပေါ့။ ဘာကြောင့်လဲဆိုရင် အရပ်ထဲမှာ ဖြစ်တဲ့ မုဒိမ်းမှုတောင်မှ ဖမ်းနိုင်တယ်လေ။ အခုတော့ ဒီကျောင်းကြီးမှာဖြစ်တဲ့ အမှုက မပေါ်ဘူး ဆိုတော့ စိတ်ဝင်စားတာပေါ့။ 

ညီမ လိုက်ဖ်လွှင့်တဲ့အထဲမှာလည်း ပြောထားတယ်။ ရဲကလည်း ရဲအလုပ် ရဲလုပ်တယ်။ ဒီလောက် လုပ်နေတဲ့ကြားထဲကမှ (တရားခံ/အဖြေ) ပျောက်နေတာကိုပေါ့။ 

ညီမကိုယ်တိုင်လည်း Single Mother တယောက်၊ သမီးလေးတယောက်ရဲ့ အမေဖြစ်နေတာ ရယ်ကြောင့်ပါ။ ကလေးတွေကို ကျောင်းမှာ လုံခြုံစေချင်တယ်။ ပြီးတော့ ဘယ်ပါတီ ဘယ်ဘက်ကိုမှ လိုက်ပြီး ပြောခဲ့တာလည်းမဟုတ်ပါဘူး။

မေး။ အမှုအကြောင်းတွေကို ဖေ့စ်ဘွတ်ခ်မှာတင်နေတဲ့ ဆရာသက္ကမိုးညိုကို ရဲက တရားစွဲလိုက်တယ်။ ဒါကြောင့် ဒီကိစ္စကို စပြောခဲ့သူတယောက်အနေနဲ့ စိုးရိမ်မိတာရှိလား။

ဖြေ။ အမှန်တရားနဲ့နေတဲ့သူအကုန်လုံးကိုတော့ စိုးရိမ်တာပေါ့။ နောက်နောင်မှာ အမှန်တရားကို မဖော်ထုတ်ရဲတော့မှာကို စိုးရိမ်တယ်။ ညီမဆိုရင် ကိုယ်သိတာကို အမှန်တရားတခုကိုပဲ ပြည်သူ တယောက်အနေနဲ့ ချပြတယ်။ ညီမဘက်မှာလည်း စိတ်ဖိစီးတာတွေ အများကြီးဖြစ်တယ်။ ကိုယ့်ကြောင့် ဒီလိုမျိုးတွေဖြစ်လာတော့ ညီမ နောက်နောင် အမှန်တရားကို ဖော်ထုတ်ဖို့ ရဲမှာ မဟုတ်တော့ဘူး။ ဆရာသက္ကမိုးညိုဖြစ်တာကိုလည်း စိတ်မကောင်းဘူး။ စိတ်မကောင်းလို့ ကယ်နိုင်လားဆိုလည်း မကယ်နိုင်ဘူး။

မေး။ အခုရဲတွေပြောဆိုထုတ်ပြန်နေတဲ့ အမှုနဲ့ပတ်သက်တာတွေအပေါ်မှာ ဘာပြောချင်လဲ။

ဖြေ။ ဒါက သူတို့ဆောင်ရွက်သွားမှာပေါ့။ အောင်ကြီးလုပ်တယ်မလုပ်ဘူးဆိုတာကတော့ သက်သေ အထောက်အထားခိုင်လုံရင်တော့ ပြည်သူတွေယုံကြမှာပေါ့။ ပြည်သူတွေကတော့ ဘယ်သူ့ကြောင့်ပါ၊ ဘယ်သူ့အတွက်ပါဆိုပြီး လုပ်တာမဟုတ်ဘူး။ အမှန်တရားတခုကို လိုချင်ကြတယ်။ ညီမ ကိုယ်တိုင်ကလည်း လိုချင်တယ်။ လုပ်တဲ့သူကိုပဲ ထိထိရောက်ရောက် ဖြစ်စေချင်တယ်။ မလုပ်တဲ့သူကိုလည်း လွတ်စေချင်တယ်။

မေး။ ဒီကိစ္စတွေ ပြောဆို ရေးသားခဲ့လို့ ဝေဖန် ခြိမ်းခြောက်တာတွေ ကြုံရလား။

ဖြေ။ ဝေဖန်တာကတော့ ရှိတယ်။ ဒါကတော့ တယောက်တမျိုးမြင်နိုင်တာပဲလေ။ ခြိမ်းခြောက်တာကတော့ မက်ဆင်ဂျာမှာပြောတာရှိတယ်။ ညီမရဲ့ မိဘတွေကိုပါ လာလာပြီး တိုင်တာမျိုးရှိတယ်။ နောက်ပိုင်းဆို ကွန်မန့်တွေမှာပါ ‘ကမ္ဘာကြီးကကျဉ်းကျဉ်းလေး’ ဆိုပြီး ပြောတာမျိုးတွေ ရှိလာတယ်။

မေး။ အဲဒီလို ခြိမ်းခြောက်တာတွေက တကယ်အစစ်အမှန်ပြောတာမျိုးလား။ ဒီအပေါ်မှာ ဘာလုပ်ထားလဲ။

ဖြေ။ ခုတော့ ဘာမှမဖြစ်သေးတော့ ပြောလို့မရသေးဘူးပေါ့။ သေချာတော့ မသိသေးဘူး။ ဒါပေမယ့် အဲဒါကြောင့်မို့ အကောင့်တောင် ပိတ်လိုက်ရတယ်။

ကျေးဇူးတင်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013