
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ဇူလိုင် ၂၇ ရက်ကစပြီး ၂ ရက်ဆက်တိုက် လေယာဥ်နဲ့ ဗုံးအလုံးရေ ၂၀၀ နီးပါး ကြဲချခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “မြိုင်မြို့နယ် အနောက်ပိုင်းမှာရှိတဲ့ သင်းမ၊ ဂျုတ်ကုန်း၊ ဘောင့်ဘင်၊ ဆိတ်ချေးရွာတွေနဲ့ အဲဒီနားကရွာတွေကို စစ်တပ်ဘက်က ဗုံးလာကြဲနေတာ၊ ၂၇ ရက်နဲ့ ၂၈ ရက်၊ ၂ ရက်ဆက်တိုက် ကြဲနေတာ။ ၂ ရက်ပေါင်း အကြိမ်ရေ ၁၀၀ နီးပါးရှိပြီးတော့ ကြဲသွားတဲ့ ဗုံးအလုံးရေကတော့ ၂၀၀ နီးပါးရှိတယ်။ သင်းမရွာမှာ စစ်ကြောင်းထိုင်နေတာ ၈ ရက်လောက် ရှိနေတော့ ဒေသခံတွေအားလုံး စစ်ရှောင်နေကြရလို့ ရွာတွေထဲ ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေ ဘာမှမသိရသေးဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ အဆိုပါကျေးရွာတွေနဲ့ အနီးဝန်းကျင်တွေကို ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်မှာ Y12 စစ်ထောက်ပို့လေယာဉ်က ခဲယမ်းနဲ့ ရိက္ခာတွေ ချပေးခဲ့သလို မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစီး၊ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီး၊ နေပြည်တော်လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၃ စီး၊ တံတားဦးလေတပ်က တက်လာတဲ့ Y12 ဗုံးကြဲလေယာဉ်တစီးနဲ့ မိတ္ထီလာလေတပ်က တက်လာတဲ့ Y12 ဗုံးကြဲလေယာဉ်တစီးတို့က ည ၁၀ နာရီဝန်းကျင်ကနေ ၁၁ နာရီဝန်းကျင်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ကျော်မှာ ဗုံးအလုံးရေ ၉၀ နီးပါး ကြဲချသွားကာ ဇူလိုင် ၂၇ ရက်ကလည်း မနက် ၈ နာရီဝန်းကျင်ကစပြီး ည ၁၂ နာရီဝန်းကျင်အထိ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေအပြင် Y12 ဗုံးကြဲလေယာဥ် စုစုပေါင်း ၇ စီးနဲ့ အဲဒီကျေးရွာတွေဘက်ကို တနေကုန်နီးပါး လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၇၀ ကျော်မှာ ဗုံးအလုံးရေ ၁၀၀ နီးပါး ကြဲချသွားခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
မြိုင်မြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇွန်လထဲကစလို့ အခု ဇူလိုင်လကုန်ပိုင်းအထိ စစ်တပ်ဘက်က မြေပြင်စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၆၀၀ နီးပါးနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရောက်ရှိနေတဲ့ တော်လှန်ရေးရဲဘော်တယောက်က “စစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်က အပြစ်မဲ့ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူတွေရဲ့အိမ် ၁၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး သင်းမရွာထဲ ရောက်နေတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ သူတို့ဘက်က အထိနာပြီး ရှေ့ဆက်မတိုးနိုင်တော့လို့ ရိက္ခာတွေနဲ့ ခဲယမ်းတွေကို လေကြောင်းကနေ ဖြည့်တင်းနေရသလို လေကြောင်းပစ်ကူတွေလည်း ဆက်တိုက်လုပ်နေတာ ဖြစ်တယ်။ တိုက်ပွဲထဲမှာ ဒီဘက် တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးတာတွေ ရှိတယ်။ တိုက်ပွဲဆက်ဖြစ်နေတော့ ဘယ်အဖွဲ့ဘက်ကမှ သတင်းမထုတ်ပြန်ကြသေးတာ။ အခုထိတော့ စစ်ကြောင်းက သင်းမရွာထဲမှာ ရှိနေသေးတယ်။ ဘယ်ဘက် ဆက်ရွေ့မလဲ မသိရသေးဘူး” လို့ DVB ကို ပြောပါတယ်။
အဆိုပါ စစ်တပ်စစ်ကြောင်းကြောင့် မြိုင်မြို့နယ်အနောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာရှိကြတဲ့ သင်းမကျေးရွာ အပါအဝင် ဂျုတ်ကုန်း၊ မှန်ရင်း၊ ယာကြီးပြင်၊ ဘောင့်ဘင်၊ ရွာသစ်ကြီး၊ ညောင်ကုန်း၊ ကြက်မောက်၊ စိုတော၊ မြို့ခင်းသာ၊ နှမ်းစားကျင်း စတဲ့ကျေးရွာတွေက ဒေသခံပြည်သူတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။










