
မြန်မာပြည်တွင်း စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းလာနေပေမဲ့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ဈေးနှုန်းတွေကတော့ သိသာစွာ လျော့ကျလာတာ မတွေ့ရသေးဘူးလို့ စားသုံးသူတွေက ပြောပါတယ်။
စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ဇွန် ၁၂ ရက် ထုတ်ပြန်ချက်အရ ရန်ကုန်မြို့မှာ အောက်တိန်း ၉၂ တလီတာကို ၃,၈၈၀ ကျပ်၊ အောက်တိန်း ၉၅ တလီတာကို ၃,၉၁၅ ကျပ်၊ ဒီဇယ်တလီတာကို ၃,၉၉၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာကို ၄,၈၀၀ ကျပ် ရှိနေပါတယ်။
အဲဒီဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့တပတ်နဲ့ နှိုင်းယှဉ်ရင် အောက်တိန်း ၉၂ နဲ့ ၉၅ တို့မှာ တလီတာကို ကျပ် ၄၆၅ ကနေ ၄၇၀ အထိ ကျဆင်းခဲ့ပြီး ဒီဇယ်အမျိုးအစားတွေကလည်း ကျပ် ၂၂၅ ကနေ ၃၁၅ အထိ လျော့ကျခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေဟာ ဧပြီလအတွင်း စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် သီတင်းပတ် ၈ ပတ်ဆက်တိုက် ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိဈေးနှုန်းတွေဟာ ဖေဖော်ဝါရီလအစောပိုင်းကာလနဲ့ နှိုင်းယှဉ်ရင် မြင့်မားနေဆဲ ဖြစ်ပါတယ်။
တဖက်မှာတော့ စက်သုံးဆီဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာပေမဲ့ သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ဆက်စပ်နေတဲ့ အခြေခံစားသောက်ကုန်၊ လူသုံးကုန်နဲ့ ဝန်ဆောင်မှုဈေးနှုန်းတွေမှာ သိသာတဲ့ အပြောင်းအလဲ မတွေ့ရသေးဘူးလို့ ဈေးကွက်အတွင်း ဝယ်ယူစားသုံးသူတွေက ပြောဆိုနေကြပါတယ်။










