DVB Logo
Home
Lead Story
သိက္ခာခြုံမှ လိပ်ပြာလုံတယ်
DVB
·
July 12, 2019
သိက္ခာခြုံမှ လိပ်ပြာလုံတယ်
Donate to DVB

လူမှုကွန်ရက် စာမျက်နှာတွေသာမက စာနယ်ဇင်းနဲ့ ရုပ်သံမီဒီယာတွေပါမကျန် သိက္ခာတရားအကြောင်း ပြောသံတွေ ဆူညံနေတယ်။ သိက္ခာဆိုတာ အာဏာတွေ ငွေတွေ လုပ်ပိုင်ခွင့်တွေနဲ့ အရောင်းအဝယ်လုပ်လို့ မရကောင်းပေဘူးလေ။ သိက္ခာဆိုတဲ့ ဝေါဟာရကို တဦးချင်း တခုချင်း သဘောကနေ အများသဘော အစုအဖွဲ့သဘောအထိ ကျယ်ပြန့်တာကလား။ နောက်ဆုံး နိုင်ငံတော်အထိ ကျယ်ပြန့်တဲ့ ဝေါဟာရပါ။ ဒီတော့ သိက္ခာအကြောင်း စောကြောလာမိတာပေါ့။ သိက္ခာဆိုတာ ဘာလဲ….။

သိက္ခာဆိုတာ ပါဠိစကား၊ ကျင့်ဝတ်လို့လည်း အဓိပ္ပာယ်ရတယ်။ ရဟန်းသက်လို့ခေါ်တဲ့ (ဝါ) ကိုလည်း သိက္ခာလို့သုံးရဲ့။ ဒီဝေါဟာရကလည်း သာသနာရေးက ဆင့်ပွားလာခဲ့တာ။ အချို့ကတော့ “ဂုဏ်နှင့်ညီသောအိနြေ္ဒ” လို့လည်း ဖွင့်ဆိုကြတယ်။ ဂုဏ်နဲ့ညီသောလို့ ဆိုတော့ ဂုဏ်ကို ထပ်မံအနက်ဖွင့်ဖို့ လိုပြန်ရော။ ဂုဏ်ဆိုတာကိုတော့ ပါဠိသက် ဝေါဟာရအရ “အထူးသဖြင့် ကောင်းသောအရည်အချင်း၊ ထင်ပေါ်သောသဘော” လို့ဆိုတယ်။ စာပေမှာတော့ “အပြစ် ဒေါသကင်း၍ ရအပ်သောကျေးဇူး၊ ပညာရှိတို့ နှစ်သက်အပ်သော စာရည်” လို့လည်း ဖွင့်ကြတယ်။ ဂုဏ်နဲ့သိက္ခာ နှစ်ခုပေါင်းပြီး “ဂုဏ်သိက္ခာ” လို့ မြန်မာတွေက ခေါ်ခဲ့ကြတယ်။ ဂုဏ်သိက္ခာကိုတော့ “ဂုဏ်နဲ့ညီသော ကိုယ်ကျင့်ထိန်းသိမ်းမှု” လို့ ဆိုပါတယ်။

“ဂုဏ်နဲ့ညီတဲ့ ကိုယ်ကျင့်ထိန်းသိမ်းမှု”လို့ ဆိုတာနဲ့တပြိုင်တည်း ကျင့်ဝတ်အကြောင်း ပါလာတယ်။ ရဟန်းကလည်း ရဟန်းကျင့်ဝတ်၊ လူကလည်း လူ့ကျင့်ဝတ်။ စစ်သားကလည်း စစ်သားကျင့်ဝတ်၊ ရဲကလည်း ရဲကျင့်ဝတ်ဆိုပြီး ရှိစမြဲပါပဲ။ ကိုယ်ကျင်လည်ရာ သက်မွေးဝမ်းကျောင်းအလိုက် ကျင့်ဝတ်ကိုယ်စီ ရှိကြပါတယ်။ ကိုယ်ကျင့်တရားဆိုတာကတော့ လူတို့လိုက်နာရန် ကျင့်ဝတ်၊ စည်းကမ်းပါပဲ။ အဲ့ဒီကျင့်ဝတ်ကို ထိန်းသိမ်းနိုင်မှ “ဂုဏ်သိက္ခာ” ဆိုတဲ့ ဝေါဟာရနဲ့ ထိုက်တန်ပေလိမ့်မယ်။ ဒါက ကျမ်းလာအယူအဆတွေကို ပြောတာပါ။

တကယ်တော့ ကိုယ်ကျင့်တရားတို့ ဂုဏ်သိက္ခာတို့ဆိုတာ တန်ဖိုးဖြတ်မှုဆိုင်တဲ့ အရာတွေပါ။ တန်ဖိုးသဘောတရားတွေပါ။ တန်ဖိုးဆိုရာမှာ တဦးချင်းတန်ဖိုး၊ အဖွဲ့အစည်းလိုက် တန်ဖိုးတွေရှိတယ်။ ဒီလို တန်ဖိုးထား ဆုံးဖြတ်ရာမှာ ဆိုးခြင်းကောင်းခြင်း၊ မှန်ခြင်းမှားခြင်း၊ ကောင်းမြတ်ခြင်း ယုတ်မာခြင်း၊ တရားမျှတခြင်းနဲ့ တရားမျှတမှု ကင်းမဲ့ခြင်းတို့အပေါ် မူတည် အကဲဖြတ်တတ်ကြပါတယ်။ အထူးသဖြင့် မှန်ခြင်းမှားခြင်းနဲ့ တရားမျှတခြင်းနဲ့ မတရားမှုတို့ဟာ ဖြစ်ရပ်အခြေအနေအပေါ် မူတည်ပြီး အကဲဖြတ်ကြရတာပါ။ မှန်ခြင်းမှားခြင်းအပေါ် အခြေခံပြီး တရားမျှတခြင်းနဲ့ မတရားမှုကို ခွဲခြားသတ်မှတ်လေ့ရှိတယ်။

အထူးသဖြင့် လူမှုဖြစ်ရပ်များသာမက တရားစီရင်ရေး၊ ရဲတပ်ဖွဲ့နဲ့ စစ်ရေးစစ်ရာတို့မှာ အများပြည်သူနဲ့ ဆိုင်တဲ့အတွက် တရားမျှတမှုနဲ့ အမှန်တရားဟာ အကဲဆတ်တတ်တဲ့ သဘောရှိတယ်။

မြန်မာပြည်လို အဂတိလိုက်စားမှု လွန်ကဲတဲ့လောကမှာ လူထုဟာ အမှန်တရားနဲ့ တရားမျှတမှုကို မကြာခဏ တောင်းဆိုမှုမျိုး ဖြစ်လေ့ရှိပါတယ်။ နှစ်ပေါင်းရှည်ကြာ မျိုးဆက်များစွာရဲ့ ဆုံးရှုံးနေဆဲဖြစ်တဲ့ တရားမဲ့ပြုကျင့်ခံရမှုတွေဟာ တဦးချင်း ကာကွယ်လုပ်ဆောင်နိုင်ခြင်း မရှိရင် ခံစားရသူတွေ စုပေါင်းဖွဲ့စည်းပြီး ငြင်းဆန်မှုကို ပြလေ့ရှိစမြဲပါ။

ဒီနေ့ မြန်မာလူ့အဖွဲ့အစည်းရဲ့ ဆာလောင်မှုဟာ တရားမျှတမှုနဲ့ အမှန်တရားပါပဲ။ အဲ့ဒီအမှန်တရားနဲ့ တရားမျှတခြင်း ဆာလောင်မှုကို အုပ်ချုပ်သူဘက်က ဆောင်ကြဉ်းမပေးနိုင်ရင်၊ ဖြေရှင်းမပေးနိုင်ရင်တော့ လူထုနည်းနဲ့ အဖြေရှာကြမှာပဲဖြစ်တယ်။

ဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး နိုင်ငံရေး သွေးထိုးကစားမှုများစွာ ပေါ်လာစေတတ်တာလည်း သတိပြုမိဖို့လိုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ မြန်မာပြည် အခြေအနေမှာ တရားစီရင်ရေးနဲ့ ရဲလုပ်ထုံးလုပ်နည်းနဲ့တကွ အစိုးရတာဝန်ရှိ နယ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ အထူးသတိထား ဆင်ခြင်သင့်တဲ့ အနေအထားမှာ ရောက်နေပါပြီ။ သိက္ခာဆိုတာ အလကားတော့ ရရိုးမရှိပါဘူး။ သိက္ခာနဲ့တန်အောင် စောင့်ထိန်းရတဲ့ အရင်းအနှီးဆိုတာ ရှိပါတယ်။ သိက္ခာမခြုံခဲ့ရင် ဖြတ်သန်းရာဘဝမှာ လိပ်ပြာမလုံဘဲ ရှိနေတတ်ပါတယ်။ ပညာတတ်၊ ရာထူးမြင့်မြင့်မားမားကို ရရှိသော်လည်း အကျင့်သိက္ခာ ကင်းမဲ့နေရင် သိက္ခာရှိသူတွေကြားမှာ လိပ်ပြာမလုံ ပွဲလယ်မတင့် ဖြစ်စမြဲပါ။

ရှေးမြန်မာပညာရှိတွေကတော့ ပညာပြည့်ဝရုံနဲ့ မလုံလောက်ဘဲ နှလုံးသားလည်း လှမှသာ ဂုဏ်သိက္ခာနဲ့ ပြည့်စုံသူတယောက် ဖြစ်လာမယ်လို့ ဆိုတာပါ။ ဝန်ထမ်းတယောက် အတွက်ကတော့ တာဝန်ကျေပွန်မှု၊ အဂတိကင်းမှုနဲ့ သင့်တင့်လျောက်ပတ်တဲ့ ကိုယ်ကျင့်ရှိနေရင် သိက္ခာရှိတဲ့ မင်းမှုထမ်းတယောက်လို့ ဆိုနိုင်ပါတယ်။ ဂုဏ်သိက္ခာဆိုတဲ့ အဆင့်ရောက်ဖို့ကတော့ တခြားသူထက် ပိုတဲ့ တာဝန်သိစိတ်နဲ့ ကိုယ်ကျင့်တော့ ရှိရမှာပါ။ အထူးကောင်းသော အရည်အချင်းတော့ လိုမှာပါ။ အဖွဲ့အစည်းဆိုလည်း ဒီအတိုင်းပါပဲ။ အထူးသဖြင့် လူထုနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ရဲဘက်အဖွဲ့အစည်းနဲ့ တရားစီရင်ရေးတို့မှာ ဂုဏ်သိက္ခာဟာ လူထုယုံကြည်မှု ရှိမှုအပေါ် မူတည်ပါတယ်။

ဒီနေ့ မြန်မာပြည်သူတွေ မွတ်သိပ်နေတာက အဂတိလိုက်စားမှု၊ အမှန်တရား ပျောက်ဆုံးမှုနဲ့ တရားမျှတမှုတို့ပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဆာလောင်နေတဲ့ အဆိုပါအချက်တွေကို ကုစားချင်တယ် ဆိုရင်တော့ ပြည်ထဲရေးဌာနကို အသွင်ပြောင်းရမှာပါ။

လူထုလိုလားချက်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနကို အရပ်ဘက်အစိုးရအောက် လုံးလုံးရွှေ့ပြောင်းခြင်းကို ဦးစွာ လုပ်ဆောင်ကြရမှာပါ။ အပြန်အလှန် စောင့်ကြည့်ခြင်း ကင်းမဲ့တဲ့ ယန္တရားတခုကို လူထုမယုံကြည်တော့တာဟာ သူတို့ဖြတ်သန်းရာ ရှည်လျားတဲ့ ကာလစဉ်တလျှောက်ရဲ့ အတွေ့အကြုံတွေ၊ ခံစားရမှုတွေကနေ ရရှိလာတဲ့ အသိတခုပါပဲ။

လူထုယုံကြည်မှုမရှိရင် ဂုဏ်သိက္ခာဆိုတာ ကင်းမဲ့နေမှာပါပဲ။ သိက္ခာစိတ် မလုံခြုံမှုကနေ လူထုအပေါ် လက်စားချေတဲ့ လုပ်ရပ်မျိုး ဖြစ်သွားခဲ့ရင်လည်း အတော်ကို ကုစားရခက်တဲ့ အခြေကို ဆိုက်သွားနိုင်ပါတယ်။

ဒီလိုအဖြစ်မျိုး မရှိရလေအောင် အခြေခံလုပ်ရပ်တွေ၊ အမူအကျင့်တွေကအစ ပြောင်းလဲပစ်ဖို့ လိုပါတယ်။ တရားရေးဌာနတွေ၊ နယ်ဘက်အဖွဲ့အစည်းတွေ၊ ရဲဘက်အဖွဲ့အစည်းတွေဟာ ပြည်သူလူထုကြားမှာ လိပ်ပြာလုံလုံနဲ့ ဝင်ထွက်သွားလာ ပျော်ရွှင်စေဖို့ အတွက်ကတော့ သိက္ခာခြုံထည်တခု ဆောင်ထားဖို့ လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013