
ရန်ကုန်တိုင်းမှာ အခုနှစ် ၅ လအတွင်း မော်တော်ဆိုင်ကယ်တိုက်လို့ လူ ၁၀၀ လောက် သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀၀ ကျော် ရှိတယ်လို့ တိုင်းလျှပ်စစ်၊ စက်မှု လက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။
ဇူလိုင် ၁၁ ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးငြိမ်းချမ်းအောင်ရဲ့ တိုင်းအတွင်း မော်တော်ဆိုင်ကယ်စီးနင်းမှုနဲ့ ပတ်သက်တဲ့ မေးခွန်းကို ၀န်ကြီးက ပြန်လည်ဖြေကြားခဲ့တာပါ။
၁.၁.၂၀၁၉ ရက်နေ့ကနေ ၃၁.၅.၂၀၁၉ ရက်နေ့အထိ မော်တော်ဆိုင်ကယ်နဲ့ ပတ်သက်ပြီး ယာဉ်တိုက်မှု ၂၆၅ မှုရှိခဲ့ပြီး သေဆုံးသူ ကျား ၈၁ ဦး၊ မ ၁၈ ဦး၊ စုစုပေါင်း ၉၉ ဦး၊ ဒဏ်ရာရရှိသူ ကျား ၂၄၃ ဦး၊ မ ၆၈ ဦး၊ စုစုပေါင်း ၃၁၁ ဦး ရှိခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းကတော့ ရန်ကုန်တိုင်းမှာ မော်တော်ဆိုင်ကယ်တိုက်လို့ သေဆုံးသူပေါင်း ၁၈၄ ဦး၊ ဒဏ်ရာရရှိသူပေါင်း ၈၉၄ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မော်တော်ဆိုင်ကယ်အသုံးပြုပြီး ဒုစရိုက်မှု ကျူးလွန်တဲ့အခြေအနေဟာ ၂၀၁၈ ခုနှစ်မှာ လူသတ်မှု ၂ မှု၊ လုယက်မှု ၄၃ မှု၊ ခြောက်လှန့် တောင်းယူမှု ၆ မှု၊ စုစုပေါင်း ၅၁ မှု၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့အထိ လူသတ်မှု ၁ မှု၊ လုယက်မှု ၁၀ မှု၊ စုစုပေါင်း ၁၁ မှု ဖြစ်ပွားခဲ့တယ်လို့လည်း ၀န်ကြီးက ပြောပါတယ်။
အရေးယူမှုအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ မော်တော်ဆိုင်ကယ်အစီးရေ ၄၇၆၆ စီး ဖမ်းဆီး အရေးယူခဲ့ပါတယ်။
၂၀၁၉ ခုနှစ် မေလကုန်အထိ မော်တော်ဆိုင်ကယ်အစီးရေ ၃၄၅၂ စီးကို ဖမ်းဆီးအရေးယူခဲ့ပြီး စုစုပေါင်း အရေးယူမှု ၈၂၁၈ စီး ရှိပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်အနက် မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုထားတဲ့ မြို့နယ်ပေါင်း ၁၄ မြို့နယ်ရှိပြီး စီးနင်းခွင့်မပြုတဲ့ မြို့နယ်ပေါင်း ၃၁ မြို့နယ်ရှိပါတယ်။
ခရိုင်အလိုက် စီးနင်းခွင့်မပြုတဲ့ ခရိုင်တွေက အရှေ့ပိုင်းခရိုင်မှာ ၁၄ မြို့နယ်၊ အနောက်ပိုင်းခရိုင်မှာ ၁၃ မြို့နယ်နဲ့ မြောက်ပိုင်းခရိုင်မှာ ၄ မြို့နယ်ရှိပါတယ်။











