DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် အင်ကြင်းကျောက်များ တရားမ၀င် တူးဖော်သယ်ယူ ရောင်းဝယ်နေ
DVB
·
July 11, 2019
ဂန့်ဂေါမြို့နယ်တွင် အင်ကြင်းကျောက်များ တရားမ၀င် တူးဖော်သယ်ယူ ရောင်းဝယ်နေ
1 / 6
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးကျေးရွာနဲ့ ဇာဟောကျေးရွာအနီးရှိ တောထဲနဲ့ ချောင်းဘေးတွေမှာ အရွယ်အစားကြီးမားတဲ့ အင်ကြင်းကျောက်တွေကို စီးပွားရေးသမားတွေက စက်ယန္တရားတွေနဲ့ တရားမ၀င် တူးဖော်ထုတ်ယူကာ ကားကြီးတွေနဲ့ သယ်ဆောင်နေကြပါတယ်။

ဒီလိုတူးဖော်ဖို့ ဒီနေ့အချိန်ထိ မကွေးတိုင်းမှာ လျှောက်ထားသူမရှိသလို ခွင့်ပြုထားတာလည်း မရှိသေးဘူးလို့ မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။

“တူးဖော်ခွင့်မရှိဘဲ တူးနေတယ်။ စုဆောင်းခွင့်မရှိဘဲ စုဆောင်းနေတယ်ဆိုတာတွေ့ရင် အရေးယူမယ်။ အခုထိ တရားဝင် ခွင့်ပြုချက်လာတင်တာ မရှိသေးဘူး။ ခိုးတူးနေတာတွေ ရှိ တယ်လို့ ကြားတယ်။ သစ်တောကို သွားပြီးတော့ စစ်ဆေးခိုင်းထားတယ်။ လောလောဆယ်တော့ ဘက်ဟိုးတွေကော၊ သယ်တဲ့ကားတွေကော၊ လူကော ဖမ်းထားတာ တမှုရှိတယ်။ အခုချိန်ထိတော့ အင်ကြင်းကျောက်တူးဖော်ဖို့ လာလျှောက်ထားတာလည်း မရှိသလို အစိုးရ အနေနဲ့လည်း ခွင့်ပြုထားတာ မရှိသေးပါဘူး။”

ဂန့်ဂေါမြို့နယ်အတွင်း စိုင်ဒူးကျေးရွာအနီးက အုံ့တုံ့တောင်အနီးတဝိုက်နဲ့  ဇာဟော ကျေးရွာ အနီးတဝိုက်တွေအပြင် ဇာဟောချောင်းဘေးတွေမှာပါ အရွယ်အစား လုံးပတ် ၅ ပေဝန်းကျင်ကနေ ၁၀ ပေကျော်အထိ၊ အလျား ၈ ပေခန့်ကနေ ပေ ၂၀ ကျော်အရွယ်တွေအထိ ရှိတဲ့ အင်ကြင်းကျောက်တွေကို စီးပွားရေးသမားတွေက ခိုးတူးနေကြတာဖြစ်ပါတယ်။

ဇာဟောရွာသား ကိုပေါ်လွင်ဦးက “အရည်အသွေးတွေကတော့ မပြောတတ်ဘူး။ ဘာလို့လဲဆိုတော့ ဒေသခံတွေက အဖိုးတန်မှန်း ထိန်းသိမ်းရမှန်းမသိဘူး။ ငွေလည်း နည်းနည်းရရင် လိုက်ပြ အဲလိုနဲ့ ပြီးတာ။ ကျနော်ကြားတာဆိုရင် လမ်းဖောက်တာတောင် ၁၂ ဘီးကားကြီးတွေသွားလို့ရတဲ့အထိ ဖောက်တာဆိုရင် သိန်း ၃၀ လောက်ကုန်တယ်ပြောတယ်။ အရည်အသွေးကောင်းတာရော၊ လုံးပတ်ကြီးတာရော၊ ရှည်တာရောကြောင့် တူးကြတာနေမှာပေါ့။ လောလောဆယ်တော့ ဖမ်းတယ်ကြားလို့ နည်းနည်းငြိမ်တယ်ပြောရမယ်။ ဒါတွေတူးနေတာ တနှစ်လောက်တောင် ရှိတော့မယ်။ အဓိကကတော့ ဇဟောရွာနားမှာ တွေ့ရတာပဲ။”လို့ ပြောပါတယ်။

စိုင်ဒူးကျေးရွာနေ ကိုကျော်ကျော်ထွန်းကလည်း “ဂန့်ဂေါမြို့နယ်မှာ အင်ကြင်းကျောက်ထုတ်ယူတာကို အရင် ၇ နှစ်၊ ၈ နှစ်ကတည်းက ထုတ်နေကြတာ။ ဒါတုန်းကတော့ အပေါ်ယံပေါ့။ အခုတော့ မြေကြီးထဲ တူးယူရတာ။ အရင်လက ဖမ်းတာလည်း ဒေသခံတွေက ပြောလို့။ ပါဝင်ပတ်သက်သူတွေက မနည်းဘူးလို့ကြားတယ် ”လို့ ပြောပါတယ်။

အင်ကြင်းကျောက်တွေက တချို့တူးလက်စတွေဆို သစ်ပင်လိုက်ဖြစ်နေပြီး အမြစ်တွေတောင်ပါတဲ့အကြောင်းနဲ့  ဒေသက ထွက်ရှိတဲ့ သယံဇာတကို ဒေသခံတွေအကျိုးမရှိဘဲ စီးပွားရေးသမားတွေက တရားမ၀င်ထုတ်ယူနေတာကို တိုင်းအစိုးရအနေနဲ့ ကြပ်မတ်ဖို့ လိုအပ်နေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013