DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံဘက် နာနတ်သီးတင်ပို့ ရောင်းချခွင့်ရရှိရန် ရှမ်းတောင်သူများ တောင်းဆို
DVB
·
July 11, 2019
တရုတ်နိုင်ငံဘက် နာနတ်သီးတင်ပို့ ရောင်းချခွင့်ရရှိရန် ရှမ်းတောင်သူများ တောင်းဆို
Donate to DVB

နာနတ်သီးဝယ်ယူမှုကို တရုတ်နိုင်ငံဘက်ကနေ ပိတ်ဆို့လိုက်တဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းက နာနတ်စိုက် တောင်သူတွေ ဒုက္ခရောက်နေပြီး ဒီပြဿနာကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းပေးဖို့ တောင်သူတွေက တိုက်တွန်းလိုက်ပါတယ်။

သီပေါ၊ လားရှိုးနဲ့ တန့်ယန်းမြို့နယ်တွေမှာ နာနတ်နဲ့ ပြောင်းသီးနှံတွေကို အဓိက စိုက်ပျိုး ကြတာဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ်ကနေ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က စတင်ပြီး တနှစ်ကို ခန့်မှန်း တန်ချိန် ၃၀၀၀၀ ခန့်အထိ တင်ပို့ရောင်းချနေကြတာပါ။

ဒီမြို့နယ် သုံးခုမှာ နာနတ် ဧက ၆၀၀၀ လောက် စိုက်ပျိုးထားတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကို နားလည်မှုနဲ့ နယ်စပ် ဖြတ်ကျော်ရောင်းချခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာ နှစ်နိုင်ငံ အမ်အိုယူလက်မှတ်ရေးထိုး သဘောတူရောင်းချခွင့် ပြုလိုက်တဲ့ သီးနှံ ၈မျိုးထဲမှာ နာနတ်မပါဝင်တဲ့အတွက် တင်သွင်း ရောင်းချခွင့်မပြုတော့တာလို့ တောင်သူတွေက ပြောပါတယ်။

နာနတ်စိုက်ခင်းပိုင်ရှင် ဒေါ်တင်တင်လှ က "ကျမ စိုက်ထားတဲ့ စားရိတ်က သိန်း ၂၀၀ကျော် ၃၀၀ နီးပါးလောက်တော့ရှိတယ်ရှင့်။ အခု မရောင်းရတဲ့ပုံစံမျိုးဆိုရင်တော့ တ၀က်လောက် တော့ရှုံးမှာ ဒီကျမတို့ ကိုယ်ပိုင်ခြံတောင် အဲ့လောက်ရှုံးတယ်ဆိုရင် ပွဲစားတွေက လုပ်စားလို့ မရတော့ဘူး။ တောင်သူသမားတွေက တအားဒုက္ခရောက်ပြီ၊ သူတို့ မလာလို့ရှိရင်လည်း ကျမတို့က လုပ်စားရမှာလည်း လူကြီးမင်းတွေ မြန်မြန်လေး လုပ်ပေးနိုင်လို့ရှိရင် ကျမတို့က တောင်သူလယ်သမားတွေက အခက်အခဲ မရှိတော့ဘူးပေါ့''လို့  ပြောပါတယ်။

အဓိက တင်ပို့တဲ့ လမ်းကြောင်းကတော့ ကျင်စန်းကျော့ ဂိတ်လမ်းကြောဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကနေ စတင်ကာ တရုတ်နိုင်ငံဘက်ကနေ တင်သွင်းရောင်းချခွင့် ပိတ်ပင် လိုက်တာပါ။ အခုလို ဈေးကွက်ပိတ်ပင်ခံလိုက်ရတဲ့အတွက် တောင်သူတွေ၊ ပွဲစားတွေ အနေနဲ့ စီးပွားရေး အခက်အခဲနဲ့ ကြုံတွေ့နေကြရပါတယ်။

နာနတ်စိုက်တောင်သူ ဒေါ်မြစိန် က "နယ်စပ်မဟုတ်လို့ရှိရင်လည်း ပြည်တွင်း တနေရာရာ ရောင်းခွင့်လေးရှိရင်တော့ ပိုပြီးတော့အဆင်ပြေနိုင်တယ်။ လူကြီးမင်းများ အားလုံးကို လည်း သိစေချင်တယ်ပေါ့လေနော်။ ကိုယ့်ရဲ့ အခက်အခဲ အနေနဲ့ လူကြီးမင်းများသိလို့ရှိရင်လည်း ဖြေရှင်းပေးစေချင်တာပေါ့။ ပြောင်းဖူးအနေနဲ့လည်း ပြောင်းဖူးကလည်း ပိတ်တယ်လေ။ ပြီးရင် နာနတ်တွေဆိုလို့ရှိရင်လည်း နာနတ် လုံးဝသူတို့ မဝယ်တော့ဘူးဆိုလို့ရှိရင် ဒါ ကျမတို့ မြန်မာနိုင်ငံအတွင်းပဲ ရောင်းမယ်ဆိုလို့ရှိရင် ဒါ ဈေးနှုန်းက လုံးဝ မရတော့တဲ့ခါကျတော့ အကုန်လုံး စားဝတ်နေရေး အားလုံးအခက်အခဲဖြစ်သွားနိုင်တာပေါ့”လို့ ပြောပါတယ်။

နာနတ်ရာသီချိန် ကုန်ဆုံးဖို့ အချိန်တလလောက်သာကျန်ရှိတော့တာဖြစ်ပြီး ဒီတလအတွင်း နာနတ်သီးပြန်လည်တင်သွင်းခွင့် ရဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။

အချိန်တလခန့်အတွင်း တင်သွင်းရောင်းချခွင့် မရတော့ပါက နာနတ်စိုက် တောင်သူ ၁၅၀၀ လောက်ရဲ့ ဆုံးရှုံးမှု ပမာဏ အလွန်များပြားလာမယ်လို့လည်း တောင်သူတွေက ပြောပါတယ်။ အဲ့ဒီအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရနဲ့ ရှမ်းပြည်နယ် အစိုးရတို့ ညှိနှိုင်းပြီး ယာယီ ရောင်းဝယ်ခွင့်ရအောင် ကူညီဆောင်ရွက်ပေးစေချင်တယ်လို့ နာနတ်သီးစိုက်သူတွေက ပြောပါတယ်။

သီပေါမြို့နယ် နာနတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး စိုင်းကျော်ညွန့် က "အခုဖြစ်လာတဲ့ အနေအထားမှာ ကျနော်တို့ ဒီ စီးပွားကူးသန်းကလည်း ဒီနှစ်ထဲမှာ သီးနှံရှစ်မျိုးပေါ့၊ နာနတ်သီးအပါအဝင် ကျနော်တို့ တရုတ်၊စီးပွားကူးသန်းနဲ့တော့ ကျနော်တို့ ချိတ်ဆက်ထားတယ်။ တရားဝင်တင်ပို့နိုင်ဖို့အတွက် လုပ်ထားတယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် လောလောဆယ် ကျနော်တို့ က အဲ့ဒါတွေ တရားဝင်ကျလာမှ ကျနော်တို့ ရောင်းဝယ်ဖောက်ကားနိုင်မယ်ဆိုရင် ကျနော်တို့ ရာသီတွေလည်း မမှီတော့ဘူး။ ဆုံးရှုံးမှုတွေက များသွားမယ်။ ပြီးတော့ ကျနော်တို့ တောင်းဆိုချင်တာက တကယ်လို့ ကျနော်တို့ နိုင်ငံတော် အဆင့် အရောင်းအဝယ် တရားဝင်မဖြစ်တောင်မှ ဥပမာ ယူနန်ပြည်နယ်အစိုးရနဲ့ ကျနော်တို့ ဒီရှမ်းမြောက် ပြည်နယ်အစိုးရနဲ့ နားလည်မှုလေးယူပြီးတော့ ဒီယူနန်ပြည်နယ်ထဲမှာပဲ ရောင်းခွင့် ပြုမယ်ဆိုရင်တောင်မှ ကျနော်တို့ က တော်တော်လေး အကျိုးရှိမယ်''လို့   ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း မြန်မာဖရဲသီးတွေကို တရုတ်နိုင်ငံဘက်က ပိတ်ဆို့လိုက်တဲ့အတွက် ဖရဲစိုက်တောင်သူအများအပြား အခက်အခဲ ဖြစ်ခဲ့ကြရပါတယ်။

အခုလို မြန်မာတောင်သူတွေ မကြာခဏ အခက်အခဲကြုံတွေ နေကြရတာနဲ့ ပတ်သက်ပြီး နိုင်ငံတော် တာဝန်ရှိသူတွေအနေနဲ့ နှစ်နိုင်ငံ ညှိနှိုင်းပြီး တိကျတဲ့ စီးပွားရေး မူဝါဒတွေ ညှိနှိုင်းချမှတ် ဆောင်ရွက်ပေးသင့်တယ်လို့ တောင်သူတွေက ပြောပါတယ်။

သတင်း- ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013