DVB Logo
Home
မြန်မာသတင်း
စင်ကာပူတွင် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ရခိုင်အသင်းဝင် ၂ ဦး ရန်ကုန်ပြန်ရောက် 
DVB
·
July 11, 2019
စင်ကာပူတွင် ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ရခိုင်အသင်းဝင် ၂ ဦး ရန်ကုန်ပြန်ရောက် 
Donate to DVB

စင်ကာပူ အာဏာပိုင်တွေရဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ စင်ကာပူရောက် ရခိုင်အသင်းဝင် ၆ဦး အနက် ၂ ဦးဟာ ဇူလိုင် ၁၀ ရက် ညပိုင်းက  Myanmar National Airline လေယာဉ်နဲ့ ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဖမ်းဆီးခံခဲ့ရသူ ၆ ဦးထဲက ကိုတင်လှိုင်ဦးနဲ့ မအေးမြတ်တို့ နှစ်ဦးသာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် ကျန် ၄ ယောက်ဖြစ်တဲ့ ကိုထွန်းအေး၊ ကိုအောင်မြတ်ကျော်၊ ကိုဟိန်းဇော်နဲ့ ကိုရဲကျော်ထက်တို့ ပါဝင်လာတာမတွေ့ရပါဘူး။

ရခိုင်အသင်း(စင်ကာပူ) အသင်းဥက္ကဋ္ဌ ဦးဟိန်းဇော်၊ ဒု-ဥက္ကဋ္ဌ မအေးမြတ်မွန်၊ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသားလေ (ခ)ဦးရဲကျော်ထက်၊ ကိုတင်လှိုင်ဦး၊ ကိုထွန်းအေးနဲ့  ကိုဟိန်းဇော်တို့ကို စင်ကာပူ စီအိုင်ဒီနဲ့ လဝကတို့က သူတို့ရဲ့နေအိမ် အသီးသီးမှာ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ ဖမ်းဆီးခဲ့တယ်လို့ စင်ကာပူရှိ ရခိုင်အသိုင်းအဝိုင်းက ဒီဗွီဘီကိုပြော ပါတယ်။

ဖမ်းဆီးခံခဲ့ရသူထဲမှာ ရက္ခိုင့်တပ်တော် (အေအေ)ရဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ညီတော်စပ်သူ ကိုအောင်မြတ်ကျော် ပါဝင်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမှုတွေနဲ့ပတ်သက်လို့ စင်ကာပူပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံသားအုပ်စုတခုဟာ ရက္ခိုင့်တပ်တော် အေအေကို  ထောက်ပံ့ပေးဖို့ စည်းရုံးဆော်သြခဲ့တာတွေ၊ အေအေကို လစဉ်ငွေကြေးထောက်ပံ့မှုတွေ လုပ်ဆောင်နေတာတွေလို့ စုံစမ်းမှုတွေလုပ်ခဲ့တယ်လို့ ဖော်ပြထားတယ်။

မကြာသေးခင်က စင်ကာပူမှာ ကျင်းပခဲ့တဲ့ အေအေ ၁၀ ပြည့်နှစ်ပတ်လည် အခမ်းအနားမှာ  အေအေတံဆိပ်၊ ဝတ်စုံတွေဝတ်ဆင်ခဲ့ကြသလို အေအေ ခေါင်းဆောင်ပိုင်းက လိုက်ဖ့် မိန့်ခွန်းထုတ်လွှင့်ခဲ့တဲ့အကြောင်းနဲ့  ဖမ်းဆီးခံထားရသူထဲကတယောက်ဟာ အေအေ ထပ်ပိုင်းခေါင်း တယောက်နဲ့ တိုက်ရိုက် ပတ်သက်မှု ရှိနေတယ်လို့ လည်း စင်ကာပူ ပြည်ထဲရေး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်စင်ကာပူရဲ့ လုံခြုံရေးအခြေအနေတွေကိုထိပါးမှာကို စိုးရိမ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေကို စင်ကာပူမှာ နေထိုင်ခွင့် ရုပ်သိမ်းပြီးပြန်ပို့မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် ဖမ်းဆီးထားသူ စုစုပေါင်း ဘယ်နှစ်ယောက်ဆိုတာနဲ့ ဘယ်တော့ မြန်မာနိုင်ငံကို ပြန်ပို့မယ် ဆိုတာကိုတော့ စင်ကာပူ ပြည်ထဲရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

အေအေအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရဲစခန်း ရဲကင်းတွေကို ဝင်ရောက်တိုက်ခဲ့ပြီး မြန်မာအစိုးရကလည်း အေအေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေကို ဒီဗွီဘီက ဒီကနေ့ မွန်းလွဲပိုင်းမှာ ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးခန်းမှာကို ရောက်နေတာကြောင့် မအားလပ်သေးဘူးလို့ ပြန်တုံ့ပြန်ဖြေကြားပါတယ်။

ရန်ကုန်ကိုရောက်ရှိလာတဲ့ ကိုတင်လှိုင်ဦးနဲ့ မအေးမြတ်တို့ကို ဖမ်းဆီးထားတယ်လို့ သတင်းတွေထွက်နေပေမယ့် ကာယကံရှင် ကိုတင်လှိုင်ဦးကတော့ သူ့ကို ဖမ်းဆီးထားတာ မရှိဘူးလို့ ဒီကနေ့ မွန်းလွဲ ၁ နာရီကျော်လောက်က ဒီဗွီဘီကိုပြောပါတယ်။

ဒါ့အပြင် စင်ကာပူမှာ ဖမ်းဆီးခံခဲ့ရတယ်ဆိုတာ ဟုတ်မှန်တဲ့အကြောင်း ကိုတင်လှိုင်ဦးက အတည်ပြုပြောပေမယ့် မီဒီယာတွေမှာသူတို့အကြောင်းတက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ ကွဲလွဲနေတယ်လို့ ပြောပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013