DVB Logo
Home
မြန်မာသတင်း
ကရင်နီလူငယ် ၆ ဦးကိုရုံးထုတ်၊ တရားလိုပြသက်သေ ၂ ဦး စစ်ဆေး
DVB
·
July 11, 2019
ကရင်နီလူငယ် ၆ ဦးကိုရုံးထုတ်၊ တရားလိုပြသက်သေ ၂ ဦး စစ်ဆေး
1 / 2
Donate to DVB

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ တရားစွဲခံထားရတဲ့ ကရင်နီ လူငယ် ၆ ဦးကို ဒီကနေ့ လွိုင်ကော်မြို့နယ် တရားရုံးမှာ စတုတ္ထအကြိမ်ရုံးထုတ်ပါတယ်။

ဒီကနေ့ ရုံးထုတ်မှာ ပြည်နယ်အစိုးရရုံးအဖွဲ့ ဦးစီးမှူးဦးအောင်ချမ်းသာနဲ့ ပြည်နယ်စာ ပေးစာယူဌာနက ဒေါ်ရှေးမြာတို့ကို တရားလိုပြသက်သေအနေနဲ့ စစ်ဆေးခဲ့ပြီး လာမယ့်အပတ် ကြာသာပတေးနေ့ ထပ်မံ ရုံးချိန်လိုက်ပါတယ်။ 

ဒီကနေ့ ရုံးချိန်းမှာ လူငယ်တွေထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ၀န်ကြီးချုပ်နဲ့ ၀န်ကြီး ဦးမော်မော်တို့က နစ်နာမှုတွေရှိမရှိ ရှေ့နေဘက်က မေးမြန်းရာမှာ တရားလိုပြ သက်သေဘက်က နစ်နာတာမရှိဘူးလို့ ဖြေကြားခဲ့ကြောင်း တရားခွင်မှာ ထွက်ဆိုခဲ့တယ်လို့ တရားခွင်မှာ တက်ရောက်နားထောင်ခဲ့တဲ့ ကရင်နီလူငယ်အစည်းအရုံး (KNYO) အထွေထွေအတွင်းရေးမှူး မော်မိုးမြာက ပြောပါတယ်။

“ ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ၀န်ကြီးဦးမော်မော်ကို ရာဇ၀တ်ကောင်အဖြစ်ကြေညာ ထားတယ်ပေါ့၊ အဲဒီကြေညာတဲ့အပေါ်မှာ လာရောက်ထွက်ဆိုတဲ့သူတွေအနေနဲ့ ၀န်ကြီးချုပ်နဲ့ ဦးမော်မော်တို့က တစုံတရာ နစ်နာတာရှိလားလို့ ရှေ့နေဘက်က မေးမြန်းတဲ့အချိန်မှာ နှစ်ဦးစလုံးက နစ်နာတာ မတွေ့ရဘူးဆိုတာမျိုးကို ထွက်ဆိုထားတာတွေရှိတယ်။”

တရားလိုပြသက်သေတွေဘက်က ထွက်ဆိုချက်တွေဟာ စာရေးပေးလိုက်လို့ လာရောက်ထွက်ဆိုတဲ့ သဘောမျိုးတွေ့ရတယ်လို့လည်း မော်မိုးမြာက ပြောပါတယ်။

“ကျမတို့တွေ့ရတာဆိုရင် သူကိုယ်တိုင်စိတ်ပါလို့ လာတာမျိုးမဟုတ်ဘူး။ ဟိုဘက်ကနေ ပြီးတော့စာရေးပေးလိုက်လို့ လာရတယ်။ အစိုးရ၀န်ထမ်းတယောက်ဖြစ်တဲ့အတွက် အထက်လူ တွေရဲ့အမိန့်ကို နာခံတဲ့အတွက်လာရတယ်လို့ ကျမမြင်တယ်။ ပြီးတော့မှ ထွက်ဆိုချက် ဖြေတဲ့အချိန်မှာ သူတို့ရေးထားတာ မပါတဲ့ဥစ္စာမျိုးမေးခဲ့တယ်ဖြေခဲ့တယ်ဆိုရင် သူတို့အတွက် အခက်အခဲဖြစ်စေတယ်ပေါ့နော်။ တခုက သူတို့အထက်အမိန့်တွေကြောက်ပြီးတော့ လာရတဲ့ ဟာက သူတို့ဝန်ထမ်းအောက်ခြေမှာဖြစ်နေတယ်။”

ဒီအမှုနဲ့ပတ်သက်ပြီး အစိုးရဘက်က တရားလိုအပါအ၀င် လိုပြသက်သေ ၈ ဦးတင်ထားပြီး ဒီကနေ့ ရုံးချိန်းအထိ လိုပြသက်သေ ၃ ဦးစစ်ဆေးပြီးစီးသွားပြီး လာမယ့်အပတ်မှာ နောက်ထပ်လိုပြသက်သေ ၂ ဦးထပ်မံ စစ်ဆေးဖို့ရှိနေပါတယ်။ 

ကယားပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စီမံ/ဘဏ္ဍာဝန်ကြီးနဲ့ ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီတို့ကို  နိုင်ငံရေးရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသားသစ္စာဖောက်ဆိုပြီး ကရင်နီ လူငယ်တွေက မတ် ၂၅ ရက်က ထုတ်ပြန်ကြေညာရာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အတွက် လူငယ် ၆ ဦးကို ပြည်နယ်အစိုးရက တရားစွဲခဲ့တာပါ။

အဲဒီကြေညာချက်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ကိုစစ်မုန်း(ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခူးရီးဒူ၊ ခူးကြူးဖဲကေး၊ ခွန်းသောမတ်စ်တို့ကို ပြည်နယ်အစိုးရက ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ မေ ၁၆ ရက်မှာ တရားစွဲခဲ့တာပါ။ 

စွဲဆိုထားတဲ့ ပုဒ်မအရ ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံး ၆ လကနေ အများဆုံး ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရသလို ငွေဒဏ် အနည်းဆုံး ကျပ် ၃ သိန်းကနေ အများဆုံး ကျပ် ၁၅ သိန်းအထိ ချမှတ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013