DVB Logo
Home
မြန်မာသတင်း
RCSS နှင့် အစိုးရတွေ့ဆုံဆွေးနွေး၊ ငြိမ်းချမ်းရေးလမ်းစဉ် သွေဖည်သွားအောင်လုပ်နေသူများကို သတိပေး
DVB
·
July 11, 2019
RCSS နှင့် အစိုးရတွေ့ဆုံဆွေးနွေး၊ ငြိမ်းချမ်းရေးလမ်းစဉ် သွေဖည်သွားအောင်လုပ်နေသူများကို သတိပေး
Donate to DVB

အစိုးရရဲ့ဦးဆောင်မှုနဲ့လုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်ကနေ သွေဖည်သွားအောင် လုပ်ဆောင်နေသူတွေရှိနေတယ်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။

ဇူလိုင် ၁၁ ရက်က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အဆောက်အအုံမှာ ပြုလုပ်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA/ RCSS အဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေး အဖွင့် အမှာစကား ပြောကြားစဉ်မှာ ပြောဆိုခဲ့တာပါ။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဘုံပိုင်ဆိုင်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်က နေပြီးတော့ သွေဖည်သွားအောင်လို့ဆိုပြီး လုပ်ဆောင်နေကြတဲ့ သူတွေ ကတော့ ရှိနေပါတယ်။ နောင်လည်း ရှိ နေပါဦးမှာပါပဲ”လို့ ဒေါက်တာတင်မျိုးဝင်းက  ပြောပါတယ်။

ပြည်တွင်းငြိမ်ချမ်းရေး အမြန်ဆုံး ရရှိနိုင်စေဖို့အတွက် အစိုးရက ဦးဆောင်ပြီး တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေအရ အပြန်အလှန် ယုံကြည်မှုတွေ ခိုင်မာအားကောင်းအောင် တည်ဆောက်နိုင်ပြီဖြစ်တဲ့အတွက် အောင်မြင်အောင် ကျော်လွှားလုပ်ဆောင်နိုင်မယ်လို့လည်း NRPC အနေနဲ့ ယုံကြည်တယ်လို့ ဆိုပါတယ်။

အစည်းအဝေးကို တက်ရောက်လာတဲ့ RCSS အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ အခု အစည်းအဝေးဟာ မတ်လအတွင်းက တွေ့ဆုံခဲ့တဲ့ အစည်းအဝေးရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့အတွက် မတ်လအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စတွေအပေါ် အကောင်အထည်ဖော် နိုင်မှုတွေကိုလည်း ပြန်လည်သုံးသပ်မှာဖြစ်ပြီး ၂၀၂၀ နဲ့ ၂၀၂၀ အလွန်ကာလတွေမှာ လုပ်ဆောင်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဇယားကိုလည်း ချမှတ်သွားမယ်လို့ ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ NRPC နဲ့ RCSS တို့ရဲ့ အစည်းအဝေးမှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေးသွားမှာဖြစ်ပြီး နိုင်ငံရေးသဘောတူညီချက် မရခင် ကြားကာလ အတွင်း ဒေသဖွံ့ဖြိုးရေးနဲ့ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့၊ တိုက်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပူးပေါင်းပါဝင်ဖို့ စတဲ့ အချက်တွေကို ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013