DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်များလွတ်လပ်စွာလုပ်ပိုင်ခွင့်ရရှိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
DVB
·
July 11, 2019
တက္ကသိုလ်များလွတ်လပ်စွာလုပ်ပိုင်ခွင့်ရရှိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံရဲ့ အဆင့်မြင့်ပညာရေးစနစ် ပိုမိုတိုးတက်အောင်မြင်ဖို့  တက္ကသိုလ်တွေဟာ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိရမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်မှာ ဇူလိုင် ၁၀ ရက်က ကျင်းပတဲ့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျမတို့နိုင်ငံရဲ့ ပညာရေးစနစ်ပိုပြီးတော့ တိုးတက်အောင်၊ အထူးသဖြင့် အဆင့်မြင့် ပညာရေးစနစ် ပိုပြီးတော့ တိုးတက်အောင်ဆိုရင် တက္ကသိုလ်တွေဟာ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိရမယ်။ တက္ကသိုလ်တခုနဲ့တခု မိတ္တူလုပ်ထားသလို တူညီတာမျိုးမဟုတ်ဘဲ တက္ကသိုလ်တိုင်း၊ တက္ကသိုလ်တိုင်းက သူ့ရဲ့ကြန်အင် လက္ခဏာ တွေနဲ့သူ၊ သူ့ပုံစံနဲ့သူ၊ သူ့ရဲ့ အားသန်ချက်နဲ့သူ ဖြစ်စေချင်ပါတယ်။ ဒါမှ ကျမတို့နိုင်ငံရဲ့ ပညာရေးစနစ်က ပြီးပြည့်စုံမှာပါ။”

ရန်ကုန်တက္ကသိုလ်ကို သူ့ပဋိညာဉ်နဲ့သူ ရပ်တည်နိုင်ဖို့ တက္ကသိုလ်မွမ်းမံရေးကော်မတီက ၂၀၁၂-၂၀၁၃ လောက်ကတည်းက စပြီးလုပ်ဆောင်ခဲ့တယ်လို့လည်း ပြောပါတယ်။

လာမယ့် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ နှစ် ၁၀၀ ပြည့်မယ့် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခန်းအနားတွေကို အခုနှစ် ဒီဇင်ဘာကစပြီး တဆင့်ပြီးတဆင့် ကျင်းပဖို့လည်း စီစဉ်နေကြပါတယ်။

၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁ရက်မှာ စတင်ပေါက်ဖွားလာခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ လာမယ့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ နှစ်ပေါင်း ၁၀ဝ ပြည့်မြောက်မှာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကျင်းပနိုင်ဖို့ အကြိုလှုပ်ရှားမှုတွေအနေနဲ့ ၂၀၁၆၊ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ “ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုအထိမ်းအမှတ် သိပ္ပံပွဲခင်းပြပွဲပြိုင်ပွဲအခမ်းအနား”၊ ၂၀၁၆ ဒီဇင်ဘာ ၂၂ ရက်မှာ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန စိန်ရတုပွဲနဲ့ ၂၀၁၇  ဒီဇင်ဘာ ၁ ရက်မှာ “လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်)” တို့ကိုကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ- State.Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013