
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးစီမံကိန်းအဖြစ် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။
အဆိုပါစီမံကိန်း စတင်မှုအဖြစ် မောင်တောဒေသမှာ ရခိုင်၊ မွတ်ဆလင်နဲ့ ဟိန္ဒူတွေ အတွက် အိန္ဒိယအစိုးရက လူနေအိမ် ၂၅၀ လုံးကို စတင်ဆောက်လုပ် လှူဒါန်းခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိသံအမတ်ကြီး ဆူရတ်ဘ်ကူးမားက ပြောပါတယ်။
နေအိမ်တွေ လွှဲပြောင်းပေးတဲ့အခမ်းအနားကို ဇူလိုင်လ ၉ ရက် မနက်က မောင်တောမြို့ အောင်ဗလကျေးရွာအနီးရှိ ဟိန္ဒူနေအိမ်တွေအနီးမှာ ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအစိုးရဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အတွက် ၅ နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂၅ သန်း သုံးစွဲသွားဖို့ မြန်မာအစိုးရနဲ့ သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ အိန္ဒိယသံအမတ်ကြီးက ပြောပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ် အေးက “မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းအဖြစ် ရခိုင်ဒေသလူမှု စီးပွားဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဒေသရဲ့ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီး ရရှိရေးတွေအတွက် အဓိကထားပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
၂၀၁၇ အကြမ်းဖက်ဖြစ်စဉ်တွေအပြီး မောင်တောဒေသပြန်လည်တည်ထောင်ရေး အတွက် အိန္ဒိယအစိုးရက မောင်တောမြို့နယ်၊ ရွှေစားကျေးရွာမှာ ဟိန္ဒူတွေအတွက် လူနေအိမ် ၁၄၈လုံး၊ နံသာတောင်ကျေးရွာမှာ ရခိုင်တွေအတွက် လူနေအိမ် ၄၂ လုံးနဲ့ ကြိမ်ချောင်းတောင်ကျေးရွာမှာ ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂါလီတွေအတွက် အိမ်ခြေ ၁၆၀ လုံးတို့ကို ဆောက်လုပ် လှူဒါန်းထားပါတယ်။
သတင်း- ကောင်းကောင်း











