DVB Logo
Home
မြန်မာသတင်း
စတိုးဆိုင်ဝန်ထမ်း မိန်းကလေး ၁ ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေရ
DVB
·
July 10, 2019
စတိုးဆိုင်ဝန်ထမ်း မိန်းကလေး ၁ ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး မုံရွာဆေးရုံတွင် ဆေးကုသမှုခံယူနေရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နေ အသက် ၁၈ နှစ်အရွယ် စတိုးဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တဦး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ဒဏ်ရာကြောင့် လက်ပြင်မှာ အနာဖြစ်ပြီး မုံရွာကုတင် ၅၀၀ ဆံ့ဆေးရုံကြီးမှာ ခွဲစိပ်ကုသမှု ခံယူခဲ့ရပါတယ်။

လက်ရှိ ဆေးရုံမှာ အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူနေရတဲ့ မရွှေရည်သိန်းဟာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်အထက်ပိုင်း ဖောင်းပြင်မြို့က  ဟန် မိသားစု စတိုးဆိုင်မှာ ညီအမတွေနဲ့အတူသွားရောက် အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။ 

မရွှေရည်သိန်းဟာ ဖောင်းပြင်မြို့က စတိုးဆိုင်မှာ လုပ်အားခ တလကို ကျပ် ၅၀၀၀၀ လောက်နဲ့ အလုပ်လုပ်ကိုင်နေတာ ၆ နှစ်လောက် ရှိပြီ ဖြစ်ပြီး  သူ့ရဲ့ ညီအစ်မတွေကတော့ ၁၀ နှစ်အထိ ရှိပြီလို့ သိရပါတယ်။ 

မရွှေရည်သိန်းကို ဆိုင်ရှင်လင်မယားက အမြဲရိုက်နှက်နေလို့ ဆိုင်မှာ ဆက်မနေရဲတော့ဘဲ ကြောက်လာတဲ့အတွက် လွန်ခဲ့တဲ့ သီတင်း ၃ ပတ်ခန့်က ထွက်ပြေးရာကနေ ပြန်လည်တွေ့ရှိပြီး နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာလို့ ကာယကံရှင်က ပြောပြပါတယ်။

ဆိုင်ရှင်လင်မယားက သူ့ကို နံရံမှာမျက်နှာအပ် လက်မြှောက်ခိုင်းပြီး  ခရမ်းချဉ်သီးသေတ္တာက သစ်သားပြား၊ တံမြက်စည်းရိုးတွေနဲ့ ဦးခေါင်းနဲ့ ကျောတွေကို ရိုက်နှက်ခဲ့တဲ့အတွက် ဦးခေါင်းပေါက်ပြဲခဲ့သလို ယာလက်ပြင်မှာလည်း ညိုမဲစွဲ အတွင်းဒဏ်ရာရရှိခဲ့တယ်လို့ မရွှေရည်သိန်းက ပြန်ပြောပြပါတယ်။ 

ဒဏ်ရာတွေကို မိသားစုဆရာဝန်၊ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေမှာ လှေကားက လိမ့်ကျတာလို့ လိမ်လည်ပြောဆိုစေခဲ့ပြီး ခွဲစိပ်ဖို့လိုအပ်လာမှ မုံရွာကို အလုပ်သမား ၂ ယောက်နဲ့အတူ ကုန်တင်မော်တော်နဲ့ လွှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

မုံရွာဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာ ၃ ရက်ရှိပြီဖြစ်ပြီး ဒီအခြေအနေကို သက်ဆိုင်ရာကတဆင့် တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးလည်း ကြားသိရလို့ မိန်းကလေး ငယ်ကို လာရောက်ကြည့်ရှုအားပေးခဲ့သလို တိုင်းအမျိုးသမီးရေးရာ ကော်မတီ၊ လူမှုဝန်ထမ်းတို့ ကိုလည်း ဥပဒေအရ ထိထိရောက်ရောက်အရေးယူနိုင်နိုင်အောင် မှာကြားခဲ့ပါတယ်။

မိန်းကလေးကို ဆေးရုံမှာသွားရောက်ကြည့်ရှုခဲ့တဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက  “တနေ့က ခွဲစိပ်တာတွေ လုပ်ထားတယ်။ လူမှုဝန်ထမ်းက အမျိုးသမီးကော်မတီ အတွင်းရေးမှူးကို သေသေချာချာ လုပ်ဆောင်ဖို့ မှာထားတယ်။ ဒါကတော့ ဘာပဲပြောပြော ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဆရာကိုယ်တိုင်လည်း သွားကြည့်ခဲ့ပါတယ်။ ကျောနောက်မှာ တော်တော်လေးကြီးတယ်။ ခွဲထားတာက။”လို့ ပြောပါတယ်။

လက်ရှိမှာတော့ မိန်းကလေးငယ်ရဲ့ အဒေါ်ဖြစ်သူကနေ တရားလိုပြုလုပ်ကာ မုံရွာမြို့မ ရဲစခန်းမှာ ဇူလိုင်လ ၈ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ နာကျင်စေမှုနဲ့ အမှုဖွင့်ထားပါတယ်။

အမှုဖွင့်တိုင်ကြားသူ ဒေါ်ဝင်းက “မိသားစုသာရေးနာရေးတောင်ပြန်ခွင့်မပေးဘူး။ ကျမလိုက်တွေ့တယ်။ ကလေးတွေက ကျမကို တွေ့တော့ ဖက်ငိုကြတယ်။ အဲဒါကိုလည်း ကျမပြန်ရင် အရိုက်ခံရတယ်ပြောတယ်။ နေ့တိုင်း မနက် ၅ နာရီထပြီး ညဆို ၁၂ လောက်ထိ လုပ်ရတယ်ပြောတယ်။ ထမင်းစားတာကစလို့ ပုံပြီး ထိုင်တောင်မစားရဘူး။ ကျမသမီးဆို အဲမှာလုပ်တာ ၁၀ နှစ်တောင်ရှိပြီ။ အစက ၁ လ သုံးသောင်းပဲရတယ်။ ကလေးတွေကိုလည်း ဆံပင်တွေ ညှပ်ခိုင်းတယ်။ ခေါင်းတုံး တုံးခိုင်းတာတွေ ရှိတယ်။”လို့ ပြောပါတယ်။

ဖောင်းပြင်မြို့ ဒေသခံတဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာလည်း အခုလို အလားတူ ကိစ္စရပ်တွေ မကြာခဏ သတင်းကြားရလေ့ရှိပြီး ဘယ်သူကမှ အမုန်းခံပြီး ပြောတာမရှိဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ စတိုးဆိုင်မှာ အလုပ်လုပ်နေတဲ့ မိန်းကလေး ၁၂ ယောက်ရှိနေပြီး အဲဒီထဲမှာ ဆေးကုသမှုခံယူနေရတဲ့ မရွှေရည်သိန်းရဲ့ အမအရင်းအပါအဝင် တခြားညီအမတွေ ၆ ယောက်လည်း ရှိနေကာ အခုထိ အဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။ 

လက်ရှိမှာ အမှုဖွင့်တိုင်တန်းထားသူတွေကို ရဲတပ်ဖွဲ့က လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်နေပြီး စတိုးဆိုင်ပိုင်ရှင်တွေဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013