DVB Logo
Home
နိုင်ငံတကာ

တရားမဝင် ရွှေတူးဖော်မှု နှိမ်နင်းချိန် အီဂျစ်စစ်တပ်အရာရှိ ၂ ဦး သေဆုံး

DVB
·
November 7, 2026
တရားမဝင် ရွှေတူးဖော်မှု နှိမ်နင်းချိန် အီဂျစ်စစ်တပ်အရာရှိ ၂ ဦး သေဆုံး
Donate to DVB

အီဂျစ်-ဆူဒန်နယ်စပ်မှာ တရားမဝင် ရွှေတူးဖော်တာတွေကို စစ်တပ်က ဝင်ရောက်နှိမ်နင်းချိန်အတွင်း အဆင့်မြင့် နယ်ခြားစောင့်အရာရှိ တယောက်အပါအဝင် အီဂျစ်စစ်အရာရှိ ၂ ယောက် သေဆုံးခဲ့ တယ်လို့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။

နယ်မြေစိုးမိုးရေးနဲ့ သယံဇာတ ကာကွယ်ဖို့အတွက် အရှေ့ဘက်သဲကန္တာရအတွင်း နယ်စပ်နှိမ်နင်းရေး ကို ဇွန်လကတည်းက စတင်ခဲ့တာဖြစ်ပြီး ပထမ အဆင့် ၃ ဆင့် ပြီးသွားပါပြီ။ စတုတ္ထအဆင့်ကိုတော့ စနေနေ့မှာ စတင်မှာပါ။

အဲဒီစစ်အရာရှိ ၂ ယောက် ဘယ်အချိန်က သေဆုံးခဲ့လဲဆိုတာကိုတော့ စစ်တပ်က အတိအကျ ထည့်မပြောပါဘူး။

စစ်ဆင်ရေးကာလအတွင်း အီဂျစ်နိုင်ငံသား ၁၅၁ ယောက်နဲ့ နိုင်ငံခြားသား အယောက် ၅၄၀  ကို ဖမ်းဆီးရမိထားပါတယ်။

အီဂျစ်နယ်စပ်အနီး ဆူဒန်မြောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ အသေးစား ရွှေတူးဖော်သူ ၇၂ ယောက် ထက်မနည်း သေဆုံးခဲ့ရပြီး ဒါဟာ အီဂျစ်လေတပ် လက်ချက်ဖြစ်တယ်လို့ Emergency Lawyers အဖွဲ့က အောက်တိုဘာမှာ စွပ်စွဲခဲ့တာကြောင့် ဒီစစ်ဆင်ရေးဟာ အာရုံစိုက်စရာ ဖြစ်လာခဲ့ တာပါ။

အီဂျစ်စစ်တပ်ကတော့ ဒီစွပ်စွဲချက်ကို တိုက်ရိုက်မတုံ့ပြန်ဘဲ "ဒုစရိုက်သမားများ" လို့ သတ်မှတ် ထားသူတွေကို သတိပေးစာရွက် ကြဲချအပြီး နှိမ်နင်းရေးစစ်ဆင်ရေး လုပ်ဆောင်နေတာလို့ပဲ ပြောပါတယ်။

ဆူဒန်ပြည်တွင်းစစ်ကြောင့် အသေးစား ရွှေတူးဖော်တာတွေ ပိုများလာပြီး ရွှေဟာ စစ်ပွဲအတွင်း အဓိက ဝင်ငွေရလမ်း ဖြစ်လာခဲ့တာပါ။

သယံဇာတ ပေါကြွယ်ဝပြီး အငြင်းပွားနေတဲ့ ဟာလာယက်ဘ်နဲ့ ရှာလာတင်း  နယ်စပ်ဒေသတွေက တဆင့် အီဂျစ်ထဲကို ရွှေမှောင်ခို ဝင်နေတာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အီဂျစ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူကတော့ ဆူဒန်နဲ့ မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့သလို နယ်စပ် လုံခြုံရေးအတွက် နှစ်နိုင်ငံတပ်မတော်ကြား သတင်းအချက်အလက်တွေ ဖလှယ်နေတယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013