DVB Logo
Home
မြန်မာသတင်း
သား၂ဦးကို DNAစစ်ခွင့်ပြုမည်၊ အမှန်တရားအတွက်ရပ်တည်ပေးကြရန် Wisdom Hill ကျောင်း အုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် တောင်းဆို 
DVB
·
July 9, 2019
သား၂ဦးကို DNAစစ်ခွင့်ပြုမည်၊ အမှန်တရားအတွက်ရပ်တည်ပေးကြရန် Wisdom Hill ကျောင်း အုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင် တောင်းဆို 
Donate to DVB

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်မှာ စွပ်စွဲခံနေရတဲ့ သားနှစ်ယောက်အတွက် မှန်ကန်တဲ့ DNA စစ်ချက်တွေလုပ်ဖို့ ခွင့်ပြုတဲ့အကြောင်းနဲ့  အမှန်တရားအတွက် ရပ်တည်ပေးကြဖို့ ကလေးနှစ်ဦးရဲ့ မိခင် Wisdom Hill ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တောင်းဆိုလိုက်ပါတယ်။

ဒီဗွီဘီသတင်းဌာနနဲ့  အလဲဗင်းမီဒီယာနှစ်ခုကို သီးသန့်တွေ့ဆုံဖြေကြားတဲ့ အင်တာဗျူးမှာ ပြောကြားလိုက်တာပါ။

 ဒေါ်ဥမ္မာလှိုင်က “ကျမ ကလေးနဲ့  ပတ်သက်ပြီးတော့ မိဘတယောက်အနေနဲ့တော့ တအားခံစားရပါတယ်။ ပြည်သူကိုလည်း ကျမအပ်ပါတယ်။ ကျမ ကလေးတွေကိုပေါ့နော် မှန်ကန်တဲ့ DNA စစ်ချင်တယ်ဆိုရင် ကျမခွင့်ပြုပါတယ်။ ကျမ ကလေးတွေဘက်ကနေပြီး မဟုတ်ဘူးဆိုရင်လည်း အမှန်တရားကို ပြန်လည် ရပ်တည်ပေးစေချင်ပါတယ်။ ကျမရဲ့ အုပ်ထိန်းမှုအောက်မှာပေါ့နော် ဗစ်တိုးရီးယားလေး အခုလိုဖြစ်သွားတဲ့အတွက်လည်း ကျမမိသားစု နဲ့ ထပ်တူဝမ်းနည်းပါတယ်။ ထပ်တူလည်း ခံစားရပါတယ်။ ကိုယ့်ခလေးတွေအတွက်လည်း အရမ်းခံစားရပါတယ်။ ပတ်ဝန်းကျင်မှာ အခုဆိုရင် ကလေးတွေအနေနဲ့ မျက်နှာထွက်ပြဖို့တောင် တအားခက်ပါတယ်။ ကလေးတွေအနေနဲ့လည်း အပြင်ကိုထွက်ဖို့တွေ ကျောင်းတက်ဖို့တွေတောင် မှ အရမ်းကို သူတို့မှာ မ၀ံ့မရဲ ဖြစ်ပါတယ်။ ရှေ့ဆက်ဖို့ဆိုတာလည်း တော်တော်ကြီး ခက်ခဲ နေပါတယ်။ အဲဒါကြောင့် ပြည်သူတွေကိုလည်း ကျမအပ်ပါတယ်။ ကျမကလေးတွေအတွက်ပေါ့ မှန်ကန်တဲ့ DNA စစ်ချက်တွေ လုပ်ချင်တယ်ဆိုလည်း ကျမခွင့်ပြုပါတယ်။ ပြီးရင် ကလေးတွေအ တွက်ပေါ့နော် မဟုတ်ဘူးဆိုရင်လည်း ကျမကလေးတွေဘက်က ကလေးသူငယ်အနေနဲ့ ပြန်လည် ရပ်တည်ပေးပါလို့ အနူးအညွတ်တောင်းဆိုချင်ပါတယ်ရှင့်” လို့ပြောပါတယ်။

ဒီအမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာက သားနှစ်ယောက်ကို DNA စစ်ဆေးခဲ့ရာမှာလည်း တူညီခဲ့ခြင်းမရှိဘူးလို့လည်း ဒေါ်ဥမ္မာလှိုင်က ပြောပါတယ်။

“DNA စစ်တယ်ဆိုတာက အမည်မဖော်လိုသူ ရဲအရာရှိတယောက်က ပြောမှ သိတာပေါ့နော်။ နောက်အွန်လိုင်းမှာပျံ့တယ်၊ ပျံ့လာတော့မှ ကလေးတွေစစ်ချက် မဟုတ်ဘူးလို့ သိတာ  ကြိုသိထားတာဘာမှ မရှိပါဘူး။ DNA မတူဘူးလို့ သိရတာပါ”

ဒါ့အပြင်သူ့ရဲ့ သားနှစ်ယောက်အနေနဲ့ အခင်းဖြစ်ပွားခဲ့တဲ့နေရာဖြစ်တဲ့ ကျောင်းဆောင် အခန်းအမှတ် ဇ(၁၄) အခန်း ဘက်ကို ဘယ်တုန်းကမှ ရောက်ဖူးခဲ့ခြင်းမရှိကြောင်းနဲ့  သားအကြီးဖြစ်သူဟာလည်း အခင်းဖြစ်ပွားခဲ့တဲ့နေ့က နေအိမ်မှာပဲ ရှိနေခဲ့တာလို့ ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က ဇ(၁၄) အခန်းမှာ ဗစ်တိုးရီးယားအပါအ၀င်  ကလေး ၁၇ ယောက်ကိုကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ ဆရာမ ၃ ယောက်ရှိနေတဲ့အတွက် ယာဉ်မောင်း ကိုအောင်ကြီးအနေနဲ့ တာဝန်ကျဆရာမတွေရှိနေတဲ့ ကြားထဲက ကလေးငယ်ကို ခေါ်ထုတ်ပြီး ပြစ်မှုကျုးလွန်ဖို့ဆိုတာ တော်တော်မဖြစ်နိုင်တဲ့ကိစ္စ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခင်းဖြစ်တဲ့နေ့က ဆရာမတွေကလည်း ဒီလိုဖြစ်စဉ်ဖြစ်ခဲ့ပါတယ်ဆိုပြီး လာရောက် အကြောင်းကြားခဲ့ခြင်းမရှိသလို တရားခွင်မှာလည်း သမီးလေး(ဗစ်တိုးရီးယား)အတွက် အမှန်တရားအတွက် ရှေ့ဆက်ပြီး သက်သေလိုက်ပေးသွား မယ်လို့လည်း ပြောပါတယ်။

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလကကျောင်းမှာ အသက် ၃ နှစ်အရွယ် မူကြိုကျောင်းသူလေး ဗစ်တိုးရီးယား (အမည်မှန်မဟုတ်)  လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ ယာဉ်မောင်း ကိုအောင်ကျော်မျိုး(ခေါ်) အောင်ကြီးကို ရဲတပ်ဖွဲ့က ဇူလိုင် ၄ ရက်မှာ သံသယနဲ့ ဖမ်းဆီးတရားစွဲဆိုထားတာပါ။ 

ခုရက်ပိုင်းတွေအတွင်း မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအတွက် အမှုမှန် ပေါ်ပေါက်ရေးအတွက် ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ မုံရွာပါအ၀င် မြန်မာနိုင်ငံ တခြား မြို့ကြီးတွေမှာလည်း ဆက်တိုက် ပြုလုပ်နေကြပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013