DVB Logo
Home
မြန်မာသတင်း

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်း နွေစပါးစိုက်ခွင့်မပြု 

စိုးမိုးအောင်
·
July 9, 2019
ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်း နွေစပါးစိုက်ခွင့်မပြု 
Donate to DVB

ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာထဲကလယ်မြေတွေမှာ နွေစပါးကို စိုက်ခွင့်မပြုတော့ဘူးလို့ ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြေယာလျှော်ကြေးပေးဖို့ စီမံကိန်းအတွင်းက လယ်မြေတွေမှာ လက်ရှိမိုးစပါးကို နိုဝင်ဘာလအတွင်းအပြီး ရိတ်သိမ်းပေးဖို့နဲ့ မိုးရာသီကုန်ခါနီး စိုက်ပျိုးတဲ့ စကောစက စပါးနဲ့နွေစပါးကို အစိုးရက စိုက်ပျိုးခွင့် မပေးတော့ဘူးလို့ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးတွေကတဆင့် ညွှန်ကြားထားတာပါ။

“နွေစပါးရယ်၊ စကောစက စပါးရယ်ကို စိုက်ခွင့်မပြုဘူးဆိုပြီးတော့ သူတို့ဆီက အမိန့် ထွက်လာတယ်။ တိုင်းက အမိန့်ထွက်လာတယ်။ ခရိုင်ကို ရောက်တယ်။ ခရိုင်ကနေမြို့နယ်ကို ညွှန်ကြားတယ်။ မြို့နယ်ကနေမှ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဒီစာအကြောင်းကြားပြီး ဖြစ်ပါတယ်” လို့ ဦးခင်မောင်ရင်က ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွင်းက လယ်ယာမြေတွေကို အစိုးရကသိမ်းယူပြီး မြို့မြေအဖြစ် တောင်သူကို မြေရဲ့ ၂၀ ရာခိုင်နှုန်းပြန်လည်ပေးမှာဖြစ်တာကြောင့် အခုလို ညွှန်ကြားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တောင်သူတွေကိုပြန်ပေးဖို့အတွက် အစိုးရကမြို့ရွာ ၅ ခုကို မြေအရင်ချပေးမှာဖြစ်ပြီး ကြည့်မြင်တိုင်မြို့နယ်ကိုတော့ မြေ ၂၀ ရာခိုင်နှုန်း မဲနှိုက်ပေးဖို့ လုပ်ဆောင်နေပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ မိုးရာသီမှာ မြို့သစ်စီမံကိန်းစတင်ဖို့ စီစဉ်ထားပေမယ့် တောင်သူတွေ စပါးမျိုးစတင်စိုက်ပျိုးနေတဲ့အပေါ် မိုးရာသီစပါးခွင့်ပြုပေးဖို့ ရန်ကုန် အနောက်တောင် ဒေသဖွံ့ဖြိုးရေးကော်မတီက တောင်းဆိုခဲ့တာကြောင့် နိုဝင်ဘာလအတွင်း စိုက်ပျိုးထားတဲ့စပါးတွေကို အပြီးရိတ်သိမ်းပေးဖို့ ထပ်မံညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။

မြို့သစ်စီမံကိန်းအတွင်းမှာပါတဲ့ တွံတေးမြို့နယ်က ကျေးရွာ ၁၁ ရွာ၊ ကြည့်မြင်တိုင် မြို့နယ်က ကျေးရွာ ၁ ရွာနဲ့ ဆိတ်ကြီးခနောက်တိုမြို့နယ်က ကျေးရွာ၎ရွာအပ်အ၀င် မြေဧက ၂ သောင်းကျော်မှာ အခုနှစ်ကစပြီး စကောစကစပါးနဲ့ နွေစပါးမစိုက်ပျိုးဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013