DVB Logo
Home
မြန်မာသတင်း
သပိတ်စခန်းများဖယ်ရှားရန် အစိုးရကြေညာ၊ သပိတ်သမားများ ဖယ်ရှားပေးရန် ငြင်းဆန်
DVB
·
November 28, 2012
သပိတ်စခန်းများဖယ်ရှားရန် အစိုးရကြေညာ၊ သပိတ်သမားများ ဖယ်ရှားပေးရန် ငြင်းဆန်
Donate to DVB

မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေထဲက သပိတ်စခန်းတွေကို နိုဝင်ဘာ ၂၇ ရက် သန်းခေါင်ယံ နောက်ဆုံးထားဖယ်ရှားဖို့ အစိုးရက နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာပေမယ့် ဆန္ဒပြသမားတွေက ဖယ်ရှားပေးဖို့ ငြင်းဆန်နေကြပါတယ်။

စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းပြီး ဒီစီမံကိန်းကို စစ်ဆေးနိုင်ဖို့အတွက် စီမံကိန်း ပုံမှန်လည်ပတ်ဖို့ လိုတဲ့အကြောင်းနဲ့ သပိတ်စခန်းတွေကြောင့် နိုဝင်ဘာ ၁၈ ရက်ကတည်းက စီမံကိန်းလုပ်ငန်းတွေ ရပ်ထားရတယ်လို့ သတင်းမှာ ကြေညာပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာက ကြေညာပြီး ၂ နာရီကျော်အကြာလောက်မှာ သပိတ်စခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေက ဖယ်ရှားခိုင်းပုံနဲ့ ဆန္ဒပြသူတွေက ငြင်းဆန်ခဲ့ပုံကို သပိတ်စခန်းရောက်နေတဲ့ ဗကသကျောင်းသား ကိုရဲရင့်ကျော်က ခုလို ရှင်းပြပါတယ်။

“ပြည်ထဲရေးဌာနက ကြေညာပြီး မကြာခင်မှာပဲ ၀မ်ပေါင်တရုတ်ရုံးထဲကနေပြီးမှ ပြောတာက ၁၂ နာရီမတိုင်ခင် မလုပ်ဘူးဆိုရင် ဒီသပိတ်ကို ဖြိုခွဲရပါလိမ့်မယ်ပေါ့နော်။ သပိတ်သမားတွေက မဆုတ်နိုင်ဘူးလို့ ပြောတယ်။ ၁၂ နာရီထိုးလောက်မှာ ရဲတော်တော်များများနဲ့လာပြီး ပြောတော့ ဘုန်းကြီးတွေက ‘ပစ်မယ်ဆိုရင် သူတို့ကို အရင်ပစ်ပါ။ အသေခံမယ်။ ပြီးရင် ဆန္ဒပြတဲ့သူတွေကို ပစ်။ ပြီးမှ ပြည်သူတွေကို ပစ်ပေါ့။ သူတို့ကတော့ လုံးဝနောက်မဆုတ်နိုင်ဘူး’ လို့ ပြောတယ်။ ဒီနေ့မနက်မှာတော့ သပိတ်စခန်းအပြင်ကနေ ၀မ်ပေါင်ရုံးထဲကနေ  ကြည့်နေကြတယ်။ အပြင်တော့ လုံးဝမထွက်သေးဘူးခင်ဗျ။ မျက်မြင်အရ ၀မ်ပေါင်ရုံးထဲမှာ ရဲအင်အားက ၁၀၀၀ လောက် ခန့်မှန်းရတယ်” လို့ ပြောပါတယ်။

မျက်မြင်တွေအပြောအရ စီမံကိန်းရပ်တန့်ဖို့ တောင်းဆိုနေတဲ့ တောင်ကြားက သပိတ်စခန်းဆီကို ရဲတပ်ဖွဲ့ဝင်အင်အားသုံးမှာ စိုးရိမ်လို့ သပိတ်အင်အားပို့ဖို့ ကြိုးပမ်းနေကြသလို ရဲတပ်ဖွဲ့ဝင်တွေလည်း ထပ်မံတိုးလာနေတယ်လို့ ဆိုပါတယ်။

အမှတ် ၂ သပိတ်စခန်းက ဆန္ဒပြသူ မဖြူဖြူဝင်းက ညက ရဲတွေ ဖယ်ရှားခိုင်းတာ ငြင်းဆန်ခဲ့ပုံကို ခုလို ပြောပါတယ်။

“မနေ့ညကတုန်းက ၈ နာရီခွဲလောက်မှာ မြန်မာ့အသံက လွှင့်တဲ့ တရားမ၀င် လူထုအုံကြွမှု လုပ်တယ် ပြောတယ်။ တည်ဆဲဥပဒေအရ အရေးယူရပါလိမ့်မယ်ပေါ့။ ည ၁၂ နာရီကျော်မှာ ထွက်သွားကြဖို့ပေါ့။ ကျမတို့ ရွာသူရွာသားတွေနဲ့ သံဃာတော်တွေ အားလုံးက လုံးဝ ဖယ်ရှားမပေးပါဘူး” လို့ ပြောပါတယ်။

အစိုးရက သပိတ်စခန်းတွေကို ဖယ်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြသူတွေနဲ့ ထပ်တူ တသားတည်း ဆက်လက်ရပ်တည်သွားမယ့်အကြောင်း အထက်ဗမာပြည် ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုနွေဦးကိုက ပြောပါတယ်။

“လက်ပန်းတောင်းကိစ္စကို စပါဝင်ပြီဆိုကတည်းက ကျနော်တို့ရဲ့အင်အားရော၊ စိတ်ဓာတ်တွေရော အကုန်လုံး နှစ်မြုပ်ထားတဲ့အတွက် ခုချိန်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဒီလိုစကားတွေ ထွက်လာတယ်ဆိုရင်တောင်မှ ကျနော်တို့ကတော့ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ သူတို့နဲ့အတူတူ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်သွားမယ်ဆိုတာ ကျနော်တို့ ဗကသအနေနဲ့ ပြောချင်ပါတယ်။”

လက်ပန်းတောင်းတောင်ဆန္ဒပြရာမှာ နယ်မြေခံရွာသားတွေ၊ ဗကသကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သံဃာတော်တွေ စုပေါင်းပါဝင်နေကြတာဖြစ်ပြီး သပိတ်စခန်း ၆ ခု ဖွင့်လှစ်ထားတာ ၁ ပတ်ကြာပြီဖြစ်သလို နိုဝင်ဘာ ၂၃ ရက်နေ့က နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက သူတို့ဆန္ဒကို လာရောက်မေးမြန်းသွားပါတယ်။

ဒီနောက် ပြည်ထဲရေးဝန်ကြီးဌာနက ရုပ်မြင်သံကြားကနေ သပိတ်စခန်းတွေဖယ်ဖို့ ထုတ်ပြန်တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့မှာ သပိတ်စခန်းရှိရာ လက်ပန်းတောင်းတောင်ခြေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံ ဟောပြောဖို့ အစီအစဉ် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013