
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်မှာရှိတဲ့ ညောင်ဗက်ကျေးရွာကို ဖျက်သိမ်းပေးမယ်လို့ လက်မှတ်ထိုးပေးမှ ဖမ်းဆီးထားတဲ့ရွာသားတွေကို ပြန်လွှတ်ပေးမယ်လို့ PNO ပြည်သူ့စစ်ဘက် က ဖိအားပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၃၀ ရက်က PNO တပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီရဲတွေ ရွာထဲဝင်လာပြီး ရွာသူကြီး အပါအဝင် ဒေသခံ ၁၂ ယောက်ကို ဖမ်းခေါ်သွားခဲ့တာပါ။
အခုလက်ရှိတော့ ဖမ်းထားတဲ့သူတွေကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ရွာကိုဖျက်ပြီး ထွက်သွားမယ်ဆိုတဲ့ ကတိစာချုပ်ကို လက်မှတ်ထိုးပေးမှ ပြန်လွှတ်မယ်လို့ ဖိအားပေးနေတာပါ။
ဒေသခံတယောက်က “သူတို့က လက်မှတ်ထိုးပေးမှပဲ လူတွေကို ပြန်လွှတ်မယ်လို့ တိုက်ရိုက် ပြောနေတယ်။ မထိုးရင်တော့ မလွှတ်ဘူးဆိုတဲ့ အခြေအနေပါပဲ။ ဒါကြောင့် တချို့က ကြောက်ပြီး လက်ခံဖို့ စဉ်းစားနေကြတယ်၊ တချို့ကတော့ ကိုယ့်မြေကိုမပေးချင်ဘူးဆိုပြီး ဆက်ပြီး ဆန့်ကျင် နေကြတယ်”လို့ ပြောပါတယ်။
ညောင်ဗက်ကျေးရွာဟာ ဟိုပုံးမြို့ နောင်တောင်ဘုန်းကြီးကျောင်းရဲ့တောင်ဘက်မှာ တည်ရှိပြီး နှစ်ပေါင်း ၅၀ ကျော်ကပဲ ရှိနေခဲ့တဲ့ အိမ်ခြေ ၃၀၀ လောက် ရွာတရွာဖြစ်ပါတယ်။
ဒေသခံနောက်တယောက်က “ဒီနေရာက ကျနော်တို့ဘဝတခုလုံးနဲ့ ဆက်နွှယ်နေတဲ့နေရာပါ။ အခုလို အတင်းအကျပ် ပြောင်းခိုင်းတာကို မတရားဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ ဖမ်းထားတဲ့သူ တွေ ရှိနေတော့ ဘယ်လိုဆုံးဖြတ်ရမလဲ မသိတော့ဘူး” လို့ ပြောပါတယ်။
စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ဟိုပုံး-လွိုင်လင်လမ်းမကြီး မြောက်ဘက်က မြေဧက ၁၄,၀၀၀ ကျော်ကို ၁၉၉၂ ခုနှစ်မှာ စစ်တပ်က သိမ်းယူခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဒေသခံတွေကို ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်တွေ့မှာတော့ ဒေသခံတွေဆီကို မရောက်ဘဲ PNO ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံခန့်ခွဲမှုအဖွဲ့ဆီကို ရောက်သွားပြီး နောက်ပိုင်းမှာတော့ PNO နဲ့ ဆက်နွှယ်တဲ့ မြေပွဲစားတွေက ဝယ်ယူခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ ဒီလိုဖိအားပေးမှုတွေကြောင့် ရွာသားတွေအနေနဲ့ ဘယ်လို ဆုံးဖြတ် ကြမယ်ဆိုတာ မသိရသေးပါဘဲ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှာ PNO မြေပွဲစားတွေက ဒေသခံ တွေကို နေရာပြောင်းရွှေ့ဖို့ အကြောင်းကြားခဲ့ပြီး မတ် ၂၉ ရက်မှာ စစ်သား၊ ရဲတွေနဲ့ လာရောက်ပြီး နေအိမ်တွေ ဖျက်ဆီးမယ်လို့ လာရောက်ခြိမ်းခြောက်ခဲ့ပါတယ်။










