DVB Logo
Home
မြန်မာသတင်း
လက်ထပ်မည်ဟု လိမ်ညာပြီး တရုတ်မယားအဖြစ် ရောင်းစားရန် ကြံစည်သူ ၃ ဦးကို ဖမ်းဆီး
DVB
·
July 7, 2019
လက်ထပ်မည်ဟု လိမ်ညာပြီး တရုတ်မယားအဖြစ် ရောင်းစားရန် ကြံစည်သူ ၃ ဦးကို ဖမ်းဆီး
Donate to DVB

အမျိုးသမီးတဦးအား လက်ထပ်ပေါင်းသင်းမယ်လို့ လိမ်လည်ခေါ်ဆောင်ပြီး တရုတ်မယားအဖြစ် ပြုလုပ်ဖို့ စည်းရုံးသူ ၃ ဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ ပြည်ထဲရေးက ဒီနေ့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ လင်းသာရွာနေ ၃၄ နှစ်အရွယ် အမျိုးသမီးတဦး တရုတ်နိုင်ငံကို တရုတ်မယားအဖြစ်ပြုလုပ်ဖို့ စည်းရုံးခံရပြီး မိုင်းလားမြို့မှာ ရောက်ရှိနေကြောင်းသတင်းအရ ဇူလိုင် ၃ ရက်နေ့မှာ အမှတ် ၁၈ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲစု (ကျိုင်းတုံ)မှ တပ်ဖွဲ့ဝင်တွေက အဆိုပါအမျိုးသမီးကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ အမျိုးသမီးဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အသားကင်စက်ရုံမှာ တရားဝင်သွားရောက် လုပ်ကိုင်နေစဉ် သိန်းထိုက်ဆိုသူနဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ယူကာ တင့်တင့်တယ်တယ်ထားမယ်လို့ သိန်းထိုက်က ပြောဆိုတာကြောင့် မြန်မာနိုင်ငံ ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

သိန်းထိုက်နဲ့ ဇွန်လ ၇ ရက်နေ့မှာ လှိုင်သာယာမြို့နယ်ရှိ တည်းခိုခန်းတခုမှာ တည်းခိုနေထိုင်ခဲ့ပြီးနောက် မိုင်းလားမြို့ရှိ သိန်းထိုက်ရဲ့ သူဌေးမဆိုသူ မမိုးယုထံကို ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

သိန်းထိုက်က သူဌေးမ မမိုးယုရဲ့ တရုတ်နိုင်ငံက စိုက်ပျိုးရေးခြံဟာ ရောင်းချလိုက်ပြီဖြစ်တာကြောင့် အလုပ်မရှိတော့သဖြင့် တရုတ်နိုင်ငံမှာ အိမ်ဖော်အလုပ် ၁၅ ရက် လုပ်ပါက ငွေကျပ်သိန်း ၄၀ ရရှိမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက် မမိုးယုရဲ့ ဖခင် ဦးဖြိုးက တရုတ်နိုင်ငံကို သွားရောက်ဖို့ ကားနဲ့ လာခေါ်စဉ် မေးမြန်းရာမှာ တရုတ်မယားလုပ်ရမယ်လို့ ပြောဆိုတာကြောင့် ငြင်းဆန်ခဲ့ပြီး မိုင်းလားမြို့မှာ ဆက်လက် နေထိုင်ခဲ့ကြောင်း စစ်ဆေးသိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သိန်းထိုက်၊ မမိုးယုနဲ့ ဦးဖြိုးတို့(၃)ဦးအား ကျိုင်းတုံမြို့မ ရဲစခန်းက (ပ)၇၅၉/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၂၆(က)/ ၃၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ လူကုန်ကူးခံရတဲ့အမှုတွေမှာ ပုံစံအမျိုးမျိုးနဲ့ရှိပြီး နယ်နိမိတ်ချင်းထိစပ်နေ တဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံကို လူကုန်ကူးခံရတာ အများဆုံးဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၂၂၅ မှု ရှိပြီး တရားခံက ၆၄၄ ယောက်ရှိပါတယ်။ ဒီထဲမှာ အမျိုးသမီး ၄၃၀ ပါပြီး အမျိုးသား ၂၁၄ ယောက်ဖြစ်ပါတယ်။ လူကုန်ကူးခံရသူကတော့ ၃၆၀ ရှိပြီး ကလေး ၄၄ ယောက်အပါအဝင် အမျိုးသမီး ၂၈၆ ယောက်၊ အမျိုးသားကတော့ ကလေး ၁၁ ယောက် အပါအဝင် ၇၄ ယောက် ဖြစ်ပါတယ်။

၂၀၁၈ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ လူကုန်ကူးမှုပေါင်း ၃၈ မှုဖြစ်ခဲ့ပြီး တရားခံက ၁၁၁ ယောက်ရှိပါတယ်။ ဒီထဲမှာ အမျိုးသမီး ၈၀ ပါပြီး အမျိုးသားက ၃၁ ယောက်ရှိပါတယ်။ လူကုန်ကူးခံရသူကတော့ အယောက် ၅၀ ရှိပြီး ကလေး ၄ ယောက်အပါအဝင် အမျိုးသမီး ၄၈ ယောက်၊ အမျိုးသား ၂ ယောက်ဖြစ်တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဖြစ်ပွားခဲ့တာ အများဆုံးကတော့ ရှမ်းပြည်နယ်ဖြစ်ပြီး ၁၂ မှု ရှိပါတယ်။ ရန်ကုန်တိုင်းမှာတော့ ၁၁ မှု ဖြစ်ခဲ့ပါတယ်။ ရန်ကုန်နဲ့ ရှမ်းပြည်နယ်ဟာ ပြီးခဲ့တဲ့ တနှစ်လုံးမှာလည်း လူကုန်ကူးတာ အများဆုံးဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013