DVB Logo
Home
မြန်မာသတင်း
ဒီဇင်ဘာလမှာလည်း မိုးရွာသွန်းနိုင်ဟု မိုးလေ၀သဌာန သတိပေး
DVB
·
November 27, 2012
Donate to DVB

ကပ္ပလီပင်လယ်ပြင်က တိမ်တိုက်တွေကြောင့် အခုရက်ပိုင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မိုးရွာသွန်းနေပြီး၊ အလားတူ မိုးရွာသွန်းမှုမျိုး ဒီဇင်ဘာလမှာလည်း ဖြစ်ပေါ်နိုင်သေးကြောင်း မြန်မာနိုင်ငံ မိုးလေ၀သဌာနက သတိပေးပြောကြားလိုက်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ တိမ်တိုက်ကြောင့် လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်နိုင်တာမို့ စောင့်ကြည့်နေတယ် လို့ မိုးလေ၀သဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“သိမ်းမြို့ရဲ့ အနောက်တည့်တည့်လောက်မှာ တိမ်တိုက်တခုရှိတယ်။ အဲတိမ်တိုက်က ဖွံ့ဖြိုးအားကောင်းလာရင် လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်လာနိုင်တဲ့ အနေအထားရှိတယ်။ ရန်ကုန်မှာမိုးရွာပြီး အေးကျသွားတယ်ပြောတယ်။ ဒါဆိုရင်တော့ ပင်လယ်ထဲက တိမ်တိုက်ဟာ အားပျော့သွားနိုင်တယ်။ ဘာလို့လဲဆိုတော့ အအေးဓာတ်တိမ်ကိုပေးရင် တိမ်ကမကြိုက်ဘူး။ တိမ်တွေကအေးရင် မိုးရွာချပြီး ပျက်သွားတယ်။ အဲလို အခြေအနေမျိုးရှိတယ်။ သို့သော် ကျနော်တို့ဘက်ကလည်း စောင့်ကြည့်နေတယ်။ လေဖိအားနည်းရပ်ဝန်းဖြစ်ရင် အချိန်မီ သတင်းထုတ်ပြန်နိုင်ဖို့ တောက်လျှောက် စောင့်ကြည့်နေတယ်။”

နောက်ရက်တွေမှာ မိုး ဆက်ရွာနိုင်သေးပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့က ပင်လယ်နဲ့နီးတဲ့အရပ်တွေမှာ မိုး ပိုရွာနိုင်တယ်လို့လည်း ခန့်မှန်း ပြောကြားပါတယ်။

အခုလို မိုးရွာသွန်းမှုမျိုး လာမယ့်ဒီဇင်ဘာလထဲ ဖြစ်ပေါ်နိုင်သေး တာကြောင့် မြန်မာပြည်အောက်ပိုင်းနေ ပြည်သူတွေ သတိပြုကြဖို့ ဦးချစ်ကျော်က ပြောပါတယ်။

“ဒီဇင်ဘာမှာလည်း ထပ်ဖြစ်နိုင်သေးတယ်။ ဒါကြောင့် အထူးသဖြင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသမှာနေတဲ့ ပင်လယ်ပြင်သွားမယ် ပြည်သူလူထုရော၊ လယ်စိုက်ပြီး စပါးရိတ်မယ့် ပြည်သူလူထုရော ရိတ်သိမ်းပြီးစပါး မိုးမိသွားနိုင်တယ်၊ ဒါကြောင့် အထူး ဂရုစိုက်ဖို့လိုပါတယ်။ အခုအချိန်မှာ ပြည်သူလူထုက ရေဒီယို၊ ရုပ်မြင်သံကြား ဂရုစိုက်နားထောင်ပေးပါ။ လေဖိအားနည်းရပ်ဝန်းတို့ဘာတို့ ထူးခြားတဲ့ မိုးလေ၀သသတင်းရှိရင် အချိန်မီထုတ်ပြန်ပေးမှာဖြစ်လို့ စောင့်မျှော်နားထောင်ပေးပါလို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013