DVB Logo
Home
မြန်မာသတင်း
အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျိုး ပူးပေါင်းခွင့်ရပြီ
DVB
·
November 27, 2012
အာဏာပိုင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဒေသအကျိုး ပူးပေါင်းခွင့်ရပြီ
Donate to DVB

အသစ်ပြဌာန်းလိုက်တဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေအရ ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့အကြံဥာဏ်ရယူပြီး ပူးပေါင်းဆောင် ရွက်ကြရတော့မှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ထွက်ပေါ်လာတဲ့အတွက် လွှတ်တော်၊ လွှတ်တော်ရေးရာကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ ပိုပြီး လုပ်သာကိုင်သာ ရှိလာကြတော့မှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်က “နဂိုတုန်းက ဒေသသွားရင် လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်သွားပြီး လွှတ်တော်အတွေ့အကြုံ ရှင်းတာပဲဖြစ်ဖြစ်၊ မဲဆန္ဒနယ်လူထုရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်တာပဲဖြစ်ဖြစ် ဒေသအာဏာပိုင် မြင့်မြင့်မားမားမပြောနဲ့ မြို့နယ်ရပ်ကျေးက တချို့မြို့နယ်တွေဆို လွှတ်တော်ကိုယ်စားလှယ်တွေကိုတောင်မှ မ၀င်ရတို့ မလာရတို့ ရေးတာရှိတယ်။ ဒါတွေလည်း လွှတ်တော်ထဲမှာ ပေါ်နေတဲ့ ပြဿနာတွေဆိုတော့၊ ဒါကတော့ အခု ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မဲဆန္ဒရှင် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဖို့ဆိုတာ ပါလာတာပေါ့။”

ဒါ့အပြင် လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေဟာ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့လွှတ်တော်ဥပဒေအရ ပြည်ထောင်စုအဆင့် ဖြစ်သွားတာမို့ ကော်မတီတွေ လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ပိုမိုအဆင်ပြေ ချောမွေ့သွားတယ်လို့ ဦးဝင်းမြင့်က ရှင်းပြပါတယ်။

“ပြည်ထောင်စုအဆင့်ဖြစ်သွားတော့ ဒီကော်မတီတွေက သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ရှိတဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆွေးနွေးခွင့်ရတယ်။ နဂိုဆိုရင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ဖြစ်ဖြစ် တွေ့မယ်ဆိုရင် သက်ဆိုင်ရာ လွှတ်တော်တင်၊ လွှတ်တော်က အစိုးရအဖွဲ့ပြော၊ အစိုးရအဖွဲ့ကမှ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့ကိုပြောဆိုတော့ နားရွက်ကို ပတ်ပြီး ကိုင်နေရသလိုဖြစ်နေတော့ အလုပ်က ကြန့်ကြာတယ်။ အခုတော့ ပြည်ထောင်စုအဆင့်ဖြစ်တော့ ပြည်ထောင်စုအဆင့်အဖွဲ့၊ ပုဂ္ဂိုလ်နဲ့ တိုက်ရိုက်ထိတွေ့ပြီး လွှတ်တော်လုပ်ငန်းတွေ၊ ကော်မတီ ကော်မရှင်လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် ပိုပြီး လုပ်ငန်းချောမွေ့သွားတာပေါ့။”

နိုဝင်ဘာ ၂၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ဒီ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်မထိုးဘဲနဲ့ ထုတ်ပြန်လိုက်တာပါ။ ဒါကြောင့် ဒီဥပဒေဟာ သမ္မတ လက်မှတ်မထိုးဘဲ ထုတ်ပြန်တဲ့ ပထမဆုံး ဥပဒေ တခုလည်း ဖြစ်ပါတယ်။

ဥပဒေကို သမ္မတ လက်မှတ်ထိုးခြင်း မထိုးခြင်းဟာ ထူးခြားမှုမရှိဘူးလို့ ဦးဝင်းမြင့်က ပြောပါတယ်။

“လွှတ်တော်မတက်ခင်ကတည်းက ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ ပြန်ပြင်နေတာကို အငြင်းပွားတာတွေဖြစ်နေတာ အားလုံးသိပါတယ်။ နောက်ဆုံးအကြိမ်ကတော့ ပြည်ထောင်စုလွှတ်တော်ကို သမ္မတက ပြန်ပြင်ဖို့ဆိုပြီး ၁၁ ချက်ပေးပို့လိုက်တယ်။ ပေးပို့လိုက်တဲ့အခါ ပြည်ထောင်စုလွှတ်တော်က သမ္မတပေးပို့တဲ့အထဲက ၁ ချက်ကို သဘောတူပေးတယ်။ ကျန်တဲ့ ၁၀ ချက်ကတော့ နဂို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့အတိုင်း အားလုံးက ဆန္ဒမဲ ပြန်ပေးလိုက်တယ်။ ဒါဟာ ဒုတိယအကြိမ် သမ္မတဆီ ပြန်ပို့တာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် သမ္မတက ပြန်ပို့တဲ့နေ့၊ ရတဲ့နေ့ကစပြီးတော့ ၇ ရက်အတွင်း လက်မှတ်ထိုးပြီး ပြန်ပို့ပေးရမှာ။ တကယ်လို့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်နဲ့ ပြန်ပို့လျက်နဲ့ သမ္မတက လက်မှတ်ထိုး ပြန်မထုတ်ဘူးဆိုရင် ရက် ၇ ရက်ကျော်တာနဲ့ အလိုလို ဥပဒေဖြစ်တာကိုး။ ဥပဒေကတော့ ဖြစ်သွားတယ်၊ ထူးခြားမှုမရှိဘူး။ သမ္မတလက်မှတ်ထိုးလည်း ဥပဒေဖြစ်မယ်၊ လက်မှတ်မထိုးလည်း ဥပဒေကဖြစ်မှာပဲ။”

အရင်တကြိမ်  ပြည်သူ့လွှတ်တော်ဥပဒေကို နိုင်ငံတော်သမ္မတထံ ပေးပို့ခဲ့ရာမှာ သမ္မတက လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် ဖြစ် မဖြစ် ဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို စစ်ဆေး အစီရင်ခံစေခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချခဲ့တာကြောင့် လွှတ်တော်နဲ့ ခုံရုံးအကြား အငြင်းပွားခဲ့ကြပြီး နောက်ဆုံး ခုံရုံးတဖွဲ့လုံး နုတ်ထွက်သွားခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013