DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရ ဒုတိယအကြိမ် ဆွေးနွေးမည်
DVB
·
November 27, 2012
Donate to DVB

အပစ်ခတ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) ဟာ လာမယ့် ဒီဇင်ဘာလထဲမှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ပြန်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတုန်းက သဘောတူချက်တွေကို ဆက်လက်ဆွေးနွေးသွားဖို့ လာမယ့် ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ အစိုးရကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမယ်လို့ ချင်းအမျိုးသားတပ်ဦးရဲ့  တွဲဖက်အထွေထွေအတွင်းရေးမှူး   ဒေါက်တာ ဆလိုင်းရွှေခါးက ပြောပါတယ်။

“အဓိကက ပထမနဲ့ ဒုတိယ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီထားတဲ့အချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတာဖြစ်ပါတယ်။ နောက် သတ်မှတ်နယ်မြေတွေ တိတိကျကျရှိဖို့၊ ဖွံ့ဖြိုးရေးကိစ္စတွေလည်း ပါမယ်။ ချင်းပြည်နယ်တွင်း အလုပ်လုပ်လိုတဲ့ အန်ဂျီအိုတွေ အစိုးရနဲ့ လက်မှတ်ထိုးတဲ့ MOU တွေ ဘယ်လိုညှိကြမလဲပေါ့။ ဥပမာ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးမယ့်ဟာတွေ၊ ယဉ်ကျေးမှုနဲ့ ကိုက်ညီမှုမရှိတာတွေ ပါလာရင်တော့ ကျနော်တို့ ပြောပြရမှာပေါ့။”

နိုင်ငံရေးဆွေးနွေးပွဲမှာ ပြည်သူ့ဆန္ဒပေါ် အခြေခံဆွေးနွေးသွားမှာဖြစ်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး ကော်မတီတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လက ဖွဲ့စည်းခဲ့တယ်လို့ စီအန်အက်ဖ်က ပြောပါတယ်။

ဒီတခေါက်ဆွေးနွေးပွဲမှာ ချင်းအမျိုးသားတပ်ဦးဘက်က အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံး ဦးဆောင်တဲ့ ၂၁ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာဖြစ်ပြီး အစိုးရဘက်က နိုင်ငံတော်သမ္မတရုံးက  ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း  ဦးဆောင်တဲ့  ငြိမ်းချမ်းရေးအဖွဲ့နဲ့   ဆွေးနွေးမယ်လို့ ဒေါက်တာရွှေခါးက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦးဟာ အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ချင်းနိုင်ငံရေးပါတီ တခုဖြစ်တဲ့ ချင်းအမျိုးသားပါတီနဲ့လည်း တရားဝင်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးမယ်လို့လည်း သိရပါတယ်။

စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေးတွေအတွက်  နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးဟာ  ပြီးခဲ့တဲ့ ဇန်န၀ါရီလက အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး မေလထဲမှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲ သဘောတူချက်တွေအရ ချင်းပြည်နယ် တီးတန်၊ မတူပီနဲ့ ထန်တလန်းမြို့ တွေမှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013