DVB Logo
Home
မြန်မာသတင်း
Wisdom Hillကျောင်းအမှုတွင် ဖမ်းဆီးခံနေရသည့် ယာဉ်မောင်းကို  DNA ထပ်မံစစ်ဆေး
DVB
·
July 5, 2019
Wisdom Hillကျောင်းအမှုတွင် ဖမ်းဆီးခံနေရသည့် ယာဉ်မောင်းကို  DNA ထပ်မံစစ်ဆေး
Donate to DVB

နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ အသက်၃နှစ်ခန့် အရွယ် မိန်းကလေးငယ်တဦး မဖွယ်မရာပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို သက်ဆိုင်ရာမှုခင်းရဲတပ်ဖွဲ့က DNA ထပ်မံ စစ်ဆေးခဲ့တယ်လို့ သူ့ရဲ့မိဘတွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုအောင်ကြီးရဲ့ မိခင်ဖြစ်သူ ဒေါ်ရီက “မနေ့က ကျမသားကို ထပ်ပြီးDNA စစ်တယ်တဲ့၊  ကုတင် ၁၀၀၀ဆေးရုံမှာ ထပ်ပြီးတော့ စစ်တယ်။ ပထမ စစ်လည်းစစ်ပြီးသွားပြီ။ တရားရုံးကလည်း ဒီဟာက မတူပါဘူးဆိုပြီး ဖတ်ပြပြီးတော့ ဒါနဲ့လည်း သက်သေမခိုင်လုံဘူး။ မငြိစွန်းဘူးဆိုပြီး လွှတ်လိုက်တာ။ မနေ့က DNA ထပ်စစ်တယ်တဲ့။ ကျမက ဒါဆိုရင် ပထမစစ်တဲ့ ဟာက ဘောင်မဝင်ဘူးလားလို့ မေးတော့။ ဘယ်သူက ပြောတာလဲတဲ့ ခင်ဗျားတို့ကို DNA အောင်တယ်ဆိုတာ။ ဦးရန်နိုင်စိုးကိုယ်တိုင် ပြောတာလို့။ တရားရုံးကလည်း ဖတ်ပြပြီးတော့ တရားသူကြီးက လွှတ်လိုက်တာလို့။ အဲဒါက အကျုံးမဝင်ဘူးလား လို့ မေးတော့ အဲဒါက အရပ်စကားတွေတဲ့ ကျမကိုဘာညာနဲ့ ပြောတယ်” လို့ ဆိုပါတယ်။

ဒီအမှုစတင်ဖြစ်ပွားစကလည်း ရဲတပ်ဖွဲ့က ယာဉ်မောင်းကိုအောင်ကြီးကို ပထမအကြိမ် DNA စစ်ဆေးခဲ့ပြီး အမှု သက်သေမခိုင်လုံတဲ့အတွက် ပြန်လွှတ်ပေးထားတာဖြစ်ပါတယ်။

မနေ့ကတော့ Wisdom Hillကျောင်းက ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။

ကိုအောင်ကြီးရဲ့ဖခင်ဖြစ်သူ ဦးမြသိန်းက  “သားကတော့ပြောတယ်လေ၊ ဘယ်လိုပြောလဲဆိုရင် သားမှမဟုတ်တာတဲ့။ အမှန်အတိုင်းပဲသား ပြောတာပေါ့နော်၊ သား ကျောင်းထဲဝင်တာမှန်တယ်။ ဒါပေမယ့် မသိဘူး။ ဆရာမတွေနဲ့လည်း သားသိတာမဟုတ်ဘူး။ သားဟာသာ အဲဒီအပေါက်ဝလေးမှာ ထိုင်နေတယ်။ စီအိုင်ဒီကမေးလည်း သားဒါပဲ ထွက်တာတဲ့။ စခန်းကမေးလည်း သား ဒီအတိုင်းပဲ သားက ထွက်တယ်တဲ့။ သူ့ကို သုံးခါပေါ့နော် စစ်တယ်။ စစ်တော့သူ ဒီအတိုင်းပဲထွက်တယ်တဲ့”လို့ပြောပါတယ်။

လက်ရှိမှာတော့ အောင်ကျော်မျိုး (ခ) အောင်ကြီးကို နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး ချုပ်ရက်ရမန်ယူထားပာ ဇူလိုင် ၁၅ရက်နေ့ကို ရုံးချိန်း ချိန်းဆိုထားပါတယ်။

ဗစ်တိုးရီးယားအမှုလို့ ရည်ညွှန်းပြောဆိုနေကြတဲ့ ဒီအမှုဟာ အများပြည်သူတွေ အကြားမှာလည်း စိတ်ဝင်စားမှုနဲ့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013