DVB Logo
Home
မြန်မာသတင်း
ပိုလီယိုရောဂါပိုး ကာကွယ်တားဆီးရေး ပူးပေါင်းလုပ်ဆောင်ရန် ကေအန်ယူကို တိုက်တွန်း
DVB
·
July 5, 2019
ပိုလီယိုရောဂါပိုး ကာကွယ်တားဆီးရေး ပူးပေါင်းလုပ်ဆောင်ရန် ကေအန်ယူကို တိုက်တွန်း
Donate to DVB

ကရင်ပြည်နယ်အတွင် လုပ်ဆောင်နေတဲ့ အသွင်ပြောင်း ပိုလီယိုရောဂါပိုး ကာကွယ်တားဆီးနှိမ်နင်းရေးလုပ်ငန်းတွေမှာ ကေအန်ယူအနေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြည်နယ်ဝန်ကြီး ဦးသန်းနိုင်က တိုက်တွန်းလိုက်ပါတယ်။

ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမမှာ ဇူလိုင် ၄ ရက်မနက် ပိုလီယိုကာကယ်ဆေးအပိုဆောင်းတိုက်ကျွေးခြင်း အစီအစဉ် ပြည်နယ်အဆင့် သင်တန်းနဲ့ အသိပေးဆွေးနွေးပွဲမှာ အခုလို ပြောသွားတာပါ။

ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်၊ ဆင်စွယ်ကျေးရွာမှာ  ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်က ရောဂါပိုးရှိသူ ကလေးငယ်တဦးစတင်တွေ့ရှိခဲ့သလို ပိုလိုထကျေးရွာမှာ သံသယလူနာ ကလေးငယ်တဦးကိုလည်း ထပ်မံတွေရှိခဲ့တဲ့အတွက် ကာကွယ်ဆေးထိုးပေးနိုင်ဖို့ စီမံချက်ရေးဆွဲ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က “ကရင်ပြည်နယ်အတွင်းမှာ တချို့နေရာတွေက သွားလို့လာလို့ မရတဲ့အခါကျတော့ ပိုးတွေက တွေ့ရှိလာတာဖြစ်တယ်။ လတ်တလော ပျော့ခွေ၊ အကြောသေ၊ စောင့်ကြည့်ခြင်းလုပ်ငန်းနဲ့ ပိုလီယို အပိုဆောင်းတိုက်ကျွေးခြင်း လုပ်ငန်းဆက်လျင်ပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးဖို့” တိုက်တွန်းလိုက်တာပါ။

ကေအန်ယူ၊ ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာန၊ အထူးအတိုင်ပင်ခံ ဒေါက်တာမာတာ “ကေအန်ယူခေါင်းဆောင်တွေကို ဒီအခြေအနေရှင်းပြပြီးတော့ ကျနော်တို့ မြို့နယ်အားလုံးမှာ ကေအန်ယူ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနက တက်တက်ကြွကြွပါဝင်ဖို့အတွက် သွားပြီးတော့ ဆွေးနွေးတင်ပြပြီး အင်အားဖြည့်မှာဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ ကျော်စွာမြင့်က “ဒါကိုအချိန်မီတွေ့မှ ကာကွယ်နိုင်မှာ။ ကိုယ့်ကလေးကို ချစ်ရင် ကာကွယ်ဆေးနဲ့ ရောဂါတွေ တားထားပေးရမယ်။ ဒီသတင်းစကားကို ဟိုဘက်ကော ဒီဘက်ကောပေးဖို့လိုတယ်။ အရေးကြီးပါတယ်” လို့ ပြောပါတယ်။

ရောဂါထိန်းချုပ်နိုင်ဖို့ ကရင်ပြည်နယ်အတွင်းက ဘားအံ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကော့ကရိတ်၊ မြ၀တီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီးမြို့နယ်တွေအပြင် မွန်ပြည်နယ်အတွင်းက ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်နဲ့ ပဲခူးတိုင်းအတွင်းက ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်က အသက် ၁၅ နှစ်အောက် ခလေး ၃ သိန်းနီးပါးကို အပိုဆောင်းကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးနှံမှုတွေကို ပထမအကြိမ်ကို ဇူလိုင် ၇ ရက်မှ ၉ ရက်ထိ၊ ဒုတိယအကြိမ်ကို ဇူလိုင် ၂၁ ရက်မှ ၂၃ ရက်ထိ၊ တတိယအကြိမ်ကို သြဂုတ် ၄ ရက်မှ ၆ ရက်နေ့အထိ ထိုးနှံပေးသွားမှာပါ။

သတင်း -ရဲမင်းခေါင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013