DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာပဋိညာဉ်ကို လက်မှတ်မထိုးရန် NDF ပါတီ တောင်းဆို
DVB
·
July 4, 2019
လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာပဋိညာဉ်ကို လက်မှတ်မထိုးရန် NDF ပါတီ တောင်းဆို
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ် (ICCPR)ကို လက်မှတ်မရေးထိုးဖို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က တောင်းဆိုလိုက်ပါတယ်။

ICCPR ပဋိညာဉ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးတာဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား နိုင်ငံသားတွေရဲ့ မွေးရာပါ ရပိုင်ခွင့်ကို ချိုးဖောက်ရာရောက်မှာဖြစ်လို့ လူ့အခွင့်ရေးကို ဦးစားပေးထားတဲ့ အဆိုပါစာချုပ်ကို လက်မှတ်ရေးထိုးမယ့်ကိစ္စ အပြင်းအထန် ကန့်ကွက်ရတာလို့ NDF ပါတီရဲ့ ဇွန်လ ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ ပဋိညာဉ်စာချုပ်မှာ ကလေးငယ်တွေကို မိမိနိုင်ငံပိုင်နက်အတွင်း မွေးစားရုံနဲ့ နိုင်ငံသားဖြစ်ဖို့ တာဝန်မရှိလို့ ဆိုထားပေမယ့် ကလေးငယ်တွေဟာ သူတို့ မွေးဖွားချိန်မှာ နိုင်ငံသားအဖြစ်ရရှိဖို့အတွက် မည်သည့်ဥပဒေအရဖြစ်ဖြစ် ခွဲခြားမှုမရှိစေရလို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒ့ါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားတဲ့ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၅ မှာ “တည်ဆဲဥပဒေတွေမှာ မည်သို့ပင်ရှိစေကာမူ ဤဥပဒေအရသာ အရေးယူဆောင်ရွက်ရမယ်”လို့ ပြဋ္ဌာန်းထားတာဟာ  ICCPR ပဋိညာဉ်စာချုပ်ရဲ့ ပုဒ်မ ၂၄ ပါ မွေးစားကလေးငယ်တွေရဲ့ နိုင်ငံသားဖြစ်ခွင့်ရစေရမယ်လို့ ပြဋ္ဌာန်းချက်ကို တိုက်ရိုက် အထောက် အကူပြုရာရောက်နေလို့ တိုင်းပြည်အနာဂတ်အတွက် အလွန်စိုးရိမ် ထိတ်လန့်စရာ ဖြစ်တယ်လို့လည်း NDF ပါတီက ဆိုပါတယ်။ 

လူ့အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာပဋိညာဉ်စာချုပ် (ICCPR) ကို မြန်မာနိုင်ငံ အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းတဲ့ အဆိုကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အိမ်မဲမြို့နယ် လွှတ်တော်အမတ် ဒေါ်သန္တာက  ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့ မေလ ၂၁ရက်က တင်သွင်းခဲ့ပါတယ်။ ဒီအဆိုကို ကန့်ကွက်သူမရှိလို့ လွှတ်တော်မှာ ဆက်လက်ဆွေးနွေဖို့ဆုံးဖြတ်တဲ့အကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာထားပါတယ်။

ခုလို NDF ပါတီက ICCPR ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးမထိုးဖို့ တောင်းဆိုတာဟာ အကြောင်းအရာကို သေချာမသိဘဲ ကန့်ကွက်တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ဒီဗွီဘီကို ပြောပါတယ်။

“အကြောင်းအရာကို သေချာမသိဘဲ ကန့်ကွက်တာလို့ အန်တီထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ထုတ်ပြန်ထားတာမှာ ကလေးသူငယ်ဥပဒေနဲ့ ပတ်သက်ပြီး ပြောထားတာကိုတွေ့တယ်။ အန်တီတို့ ဒီ ICCPR ကို လက်မှတ်ရေးထိုးဖို့ အဆိုတင်တဲ့အခါ အဲ့ဒီအချက်ကို အန်တီတို့ မတွေ့ဘူး။ တခုရှိတာက ပုဒ်မ ၂၄ မှာ ကလေးတိုင်းက နိုင်ငံသားဖြစ်ခွင့်ကို ကြိုးစားပိုင်ခွင့်ရှိတယ်လို့ ပါတယ်။ နိုင်ငံသားဖြစ်သင့်တယ်လို့ပါတာ မဟုတ်ဘူး။ ကြိုးစားခွင့်ရှိတယ်ဆိုတာ စာမေးပွဲတခုလိုပဲလေ။ စာမေးပွဲဝင်ဖြေခွင့်ရှိတာနဲ့ အောင်တာက တူမှမတူတာ။ အမှန်တကယ် မြန်မာတမျိုးသားလုံးရဲ့အကျိုးစီးပွားကို မူတည်တယ်ဆိုရင် လက်မှတ်ထိုးသင့်ပါတယ်။” 

ICCPR ပဋိညာဉ်ဟာ လူတဦးချင်းရဲ့ အခွင့်အရေးကို အထူးပြု ဖော်ဆောင်ထားတဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်ဖြစ်ပြီး ဘယ်သူကမှ လူ့အခွင့်အရေး ချိုးဖောက်ပိုင်ခွင့်မရှိဆိုတဲ့ အာမခံချက်တွေ ပါဝင်လို့  လက်မှတ်ရေးထိုးဖြစ်မယ်ဆိုရင် ပြည်သူလူထုအတွက် အများကြီးကောင်းလာနိုင်တယ်လို့လည်း လွှတ်တော်အမတ် ဒေါ်သန္တာက ပြောပါတယ်။

ICCPR ပဋိညာဉ်စာချုပ်ကို ၁၉၆၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှာ ၂၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အရ အတည်ပြုခဲ့တာဖြစ်ပြီး ၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက်မှာ စာချုပ် စတင်အသက်ဝင်ပါတယ်။


ICCPR အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၂ နိုင်ငံပါဝင်ပြီး နိုင်ငံပေါင်း ၇၂ နိုင်ငံက စာချုပ်မှာပါဝင်လက်မှတ်ရေးထိုးထားပါတယ်။ အာဆီယံ အရှေ့တောင်အာရှက နိုင်ငံတွေထဲမှာတော့ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကလည်း ဒီစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားကြပါတယ်။

သတင်း - တွယ်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013