DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိရွှေလုပ်သားများ အစိုးရနှင့် ညှိနှိုင်း
DVB
·
November 27, 2012
Donate to DVB

ရေနီမြို့ကို ရောက်ရှိရပ်နားနေတဲ့ နေပြည်တော် ချီတက်နေတဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေနဲ့ အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအေးကျော် ဦးဆောင်တဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေဟာ မနေ့ညနေက တွေ့ဆုံပြီး ရမည်းသင်းမြို့နယ်မှာ မကျေနပ်ချက်တွေကို ဖြေရှင်းဖို့ နှစ်ဘက် သဘောတူလိုက်ကြပါတယ်။

နိုဝင်ဘာ ၂၆ ရက် ညနေ ၆ နာရီကနေ ည ၈ နာရီထိ ၂ နာရီကြာမြင့်တဲ့ ဒီညှိနှိုင်းဆွေးနွေးပွဲရလဒ်နဲ့ ပတ်သက်လို့ ဆန္ဒပြရွှေလုပ်သား ကိုလှိုင်မျိုးအောင်က ခုလို ပြောပါတယ်။

“ကျနော်တို့ ညှိနှိုင်းဆွေးနွေးပွဲတခု လုပ်ပါတယ်။ ကျနော်တို့ တောင်းဆိုတာကတော့ ရမည်းသင်းမှာဖြစ်ဖြစ်၊ နေပြည်တော်မှာဖြစ်ဖြစ် မည်သည့်နေရာမှာမဆို ညှိနှိုင်းဆွေးနွေးမှုကို လက်ခံတယ်။ လက်ခံတဲ့နေရာမှာ ကျနော်တို့ဘက်ကပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီဘက်ကပဲ ဖြစ်ဖြစ် နှစ်ဦးနှစ်ဘက်လုံးပေါ်မှာ တရားဥပဒေနဲ့ အညီ မျှတစွာ ဆုံးဖြတ်ပေးနိုင်မယ့်  ကျနော်တို့ဘက်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ပါရမယ်။ ရှေ့နေတွေပါရမယ်၊ အဲလိုမျိုးရှေ့မှာ ဆွေးနွေးညှိနှိုင်းမှုလေးလုပ်ပေးပါ။ အဲဒီအနေအထားမှာ ကျနော်တို့ အပေါ်ကိုလည်း ဥပဒေစိုးမိုးမှု ရှိရမယ်။ ကုမ္ပဏီပေါ်ကိုလည်း ဥပဒေစိုးမိုးမှု ရှိနိုင်ရမယ်။ ဒီလူတွေက၊ အဲဒီလူတွေရှေ့မှောက်မှာ ကျနော်တို့ တောင်းဆိုထားချက်တွေကို ညှိနှိုင်းဆွေးနွေးပါမယ်။ ညှိနှိုင်းဆွေးနွေးလို့မှ အဆင်မပြေရင် ထပ်ဆင့်ထပ်ဆင့် ညှိနှိုင်းဆွေးနွေးပါမယ်ဆိုတာကို တောင်းဆိုပါတယ်။ အဲဒါကို သဘောတူပါတယ်။

“ဒုတိယအချက်အနေနဲ့ ရမည်းသင်းမှာ ကျနော်တို့ကို နေဖို့၊ ထိုင်ဖို့နဲ့ စားဝတ်နေရေး အစစ အရာရာ စိတ်ချရအောင် သူတို့အနေနဲ့ စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒါကိုလည်း သူတို့အနေနဲ့ သဘောတူပါတယ်လို့ ပြန်လည် ပြောကြားပါတယ်” လို့ ပြောပါတယ်။

မိုးထိမိုးမိရွှေလုပ်သား ၈၀ ခန့်ဟာ သူတို့ရဲ့နစ်နာချက်တွေကို ရန်ကုန်မြို့က ကုမ္ပဏီရှေ့မှာ ဆန္ဒပြပေမယ့် မထူးတာကြောင့် မိုင် ၂၇၀ အကွာက နေပြည်တော်ကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်မှာတော့ အရပ်ဝတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်က ခေါင်းဆောင် ၄ ဦးကို ၀င်ရောက်ရိုက်နှက်ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားပြီး နိုဝင်ဘာ ၃၀ ရက်နေ့ ရေတာရှည်မြို့နယ်တရားရုံးမှာ ရုံးထုတ်မှာ ဖြစ်ပါတယ်။

မနေ့က တွေ့ဆုံပွဲမှာ ဖမ်းဆီးထားတဲ့ ခေါင်းဆောင် ၄ ဦးကို ပြန်လွှတ်ပေးဖို့ ကိစ္စကို ပြောဆိုရာမှာ အစိုးရတာဝန်ရှိသူတွေက အထက်ကိုတင်ပြပေးမယ့်အကြောင်း ကတိပေးသွားတယ်လို့ ဆိုပါတယ်။
ဆန္ဒပြလုပ်သမားတွေဟာ ရေနီမြို့က ဘုန်းကြီးကျောင်းမှာ နိုဝင်ဘာ ၂၃ ရက်နေ့ ကစလို့ ရောက်ရှိရပ်နားနေတာ ဖြစ်ပါတယ်။ မနေ့က ညှိနှိုင်းချက်အရ သူတို့တတွေကို ဒီနေ့ နေ့ခင်း ၁၁ နာရီမှာ မော်တော်ကားနဲ့ ရမည်းသင်းမြို့ကို  သတ်မှတ်နေရာတခုကို ခေါ်ဆောင်ပြီး သူတို့လိုလားချက်တွေကို ညှိနှိုင်းဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013