DVB Logo
Home
Lead Story
ကလေးငယ်များပျော်ပါစေ
DVB
·
July 4, 2019
ကလေးငယ်များပျော်ပါစေ
Donate to DVB

ကလေးငယ်များ၏ မလုံခြုံမှုပြဿနာများ ကြားနေ၊ မြင်နေရသည်။ တကြိမ်တခါမဟုတ်။ နေ့စဉ်နီးပါးကြုံတွေ့နေရသည့်ကိစ္စ။ မဖွယ်မရာဖြစ်ရပ်များကြောင့်လည်း နစ်နာဆုံးရှူံးခဲ့ကြရသည့် ကာယကံရှင်တို့ ရင်နင့်အောင်ခံစားကြရသည်။

ကြားနာရသူအပေါင်းလည်း စိတ်မချမ်းသာကြကုန်။ ကလေးငယ်တို့၏ မလုံခြုံသည့်ဘဝ၊ မလွတ်လပ်သည့်ခံစားမှု၊ မမှန်ကန်သည့် သင်ယူခြင်း၊ မပြောင်းလဲသည့်ဝန်းကျင်၊ မသင့်လျော်သည့် လမ်းညွှန်မှု အစုစုတို့ကို စဉ်းစားဖွယ်ရာအဖြစ် ဆင်ခြင်လာမိသည်။ ကိုယ်မွေးဖွားကြီးပြင်းရာ ဝန်းကျင်ငွေ့၏ ဓလေ့ကို လှည့်ကြည့်တော့ တခုခုတော့ ကြီးကြီးမားမား လွဲနေပြီဟုထင်သည်။

ကလေးငယ်တယောက် မွေးဖွားလာသည်နှင့် ပထမဦးစွာထိတွေ့နေရသည်မှာ မြန်မာ့လူ့အဖွဲ့အစည်း၏ “မိသားစုအာဏာရှင်”ဖြစ်သည်။ အဘိုးအဘွားမိဘနှင့် အစ်ကိုအစ်မ၏ အာဏာအောက်ရောက်ခဲ့ရသည်။

“မိသားစုအာဏာရှင်”ဆိုသည့်အတိုင်း “အခြောက်၊ အချော့၊ အငေါက်”ဟူသော သုံးပါးရတနာနှင့် တိုးခဲ့ရသည်။ ခြောက်လုံးများဖြင့် အကြောက်တရားကို မွေးပေးခဲ့ကြသည်။ ချော့မော့ခြင်းဖြင့်  အရေးတယူအလေးပေးမှုကို သာယာလာသည်။ နောင် ကြီးပြင်းလာသောအခါ VIP စိတ်ဖြစ်ပေါ်ရန် ကြီးစွာလှုံ့ဆော်မှုကိုပေးသည်။ ငေါက်ငန်းပြောဆိုခြင်းဖြင့် ကလေးငယ်၏ ထူးခြားသော ဆန်းသစ်လိုစိတ်ကို အဟန့်အတားဖြစ်စေတော့သည်။ အဆိုပါ “ခြောက်လှန့်၊ ချော့မော့၊ ငေါက်ငန်း”ခြင်းကို ဘိုးဘွားစဉ်ဆက် သုံးပါးရတနာကဲ့သို့ ကိုင်စွဲခဲ့ကြသည်။ ဤသည်ကို ကျွန်ုပ်တို့ ပြန်လည်စဉ်း စားသင့်ပြီ။

မိဘတိုင်းက မိမိကလေးကို ချစ်ကြသည်ပင်။ သို့စေကာမူ “မေတ္တာအာဏာရှင်”ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ကြသည်ကို သတိမမူမိသကဲ့သို့ ချစ်စိတ်ဖြင့် အပြစ်ကိုဖုံးကွယ်ပေးခြင်းသည်လည်း မိဘ၏လွဲမှားစိတ်ပင်ဖြစ်သည်။ ထို့အပြင် ဆုံးမခြင်းနှင့်လမ်းညွှန်ခြင်းကို ခွဲခြားနိုင်စွမ်း အားနည်းခဲ့ကြသည်ဟု ဆိုရမည်ထင်သည်။

ကလေးငယ်များမှာဆုံးမခြင်းထက် လမ်းညွှန်ခြင်းကိုသာလိုလားကြသည်ဟု ကလေးစိတ်ပညာရှင်များက ဆိုကြပါသည်။ ထို့အပြင် သွန်သင်ခြင်းထက် ကိုယ်တိုင်လုပ်ရသည်ကို ပိုနှစ်သက်တတ်ကြသည်။ မြန်မာကလေးများကို ‘တဆုံးမတည်းဆုံးမ’ နေသည်ကို ကလေးစာပေပညာရှင်ကြီး ဒေါက်တာမောင်ဖြူးကလည်း လက်မခံခဲ့ပေ။ ကိုယ်တိုင်လုပ်ဆောင်ရသော အတွေ့အကြုံကို လိုလားခဲ့သည်။ သို့သော်ကျန်ုပ်တို့ ဤသို့သော ဝန်းကျင်ဖန်တီးမပေးနိုင်ခဲ့ကြ။

မြန်မာဆိုရိုးစကားတွင် “လက်ဦးဆရာမည်ထိုက်စွာ၊ ပုပ္ပစရိယ၊ မိနှင့်ဘ”ဟူ၍ ရှိသည်။ မှန်ပါသည်။ ကလေးငယ်၏ အနီးကပ်ဆုံးပတ်ဝန်းကျင်သည် မိခင်နှင့် ဖခင်ပင်ဖြစ်သည်။ မိခင်ဖခင်တို့ထံမှ လွဲမှားသင်ယူမှုရှိခဲ့လျှင် ထိုကလေး၏ ဘဝတလျောက် သင်ယူမှု အမှားပေါင်းများစွာကိုသာကြုံတွေ့သွားနိုင်ဖွယ်ရာရှိသည်။

နုနယ်လွန်းသော ကလေးငယ်ငယ်ဦးနှောက်တွင် သင်ယူမှုအမှားများ ကျရောက်လာမည်ကို ပေါ့ပေါ့ဆဆစဉ်းစားခဲ့ကြသည်။ ယင်း နုနယ်သောကလေးငယ်၏ မသိစိတ်အတွင်း စိတ်ဒဏ်ရာ တို့ စွဲထင်သွားမှာကို စိုးရိမ်ကြဟန်မရှိကြပေ။ အနီးစပ်ဆုံး သာဓကအဖြစ်ကြည့်မည်ဆိုလျှင် နေပြည်တော်တွင် ပုဂ္ဂလိကကျောင်းတခုတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်ကလေးတဦး မဖွယ်မရာပြုကျင့်ခံရမှု ပင်ဖြစ်သည်။

ဧကန်စင်စစ်ပြောရမည်ဆိုလျှင် ကလေးငယ်တယောက်အတွက် “မုဒိန်းကျင့်ခံရသည်” ဆိုသောဝေါဟာရ ကိုပင်မသုံးစွဲစေချင်ပေ။ ဤဝေါဟာရသည် ကလးငယ်တယောက်အတွက် အလွန်ရင့်သီးစေသောဝေါဟာရတခု ဖြစ်သည်။

အဆုံးစွန်ဆုံးဆိုရပါလျှင် ဤကဲ့သို့ငယ်ရွယ်လွန်းသော ကလေးငယ်တို့၏ သိစိတ်ဝန်းကျင်၌ ပင် အဓမ္မပြုဆိုသော စကားမျိုးပင် မကြားစေချင်ပေ။ နုနယ်သောကလေးငယ်၏ အသိ၌ “မုဒိမ်းကျင့်ခံရ”ဆိုသော အရိပ်ဆိုးကြီး မလွှမ်းစေချင်။ ထို့ကြောင့် အထူးသတိထား ရှောင်ကျဉ်ရမည့် ဝေါဟာရတခုဖြစ်သည်ဟု ရှုမြင်မိသည်။

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့်အမှုနှင့်ပတ်သက်၍ ကျူးလွန်ခံရသည့် ကလေးငယ် အတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်သလို အပြစ်ကျူးလွန်သူကိုလည်း မှန်မှန်ကန်ကန် ဖော်ထုတ် အရေးယူနိုင်ရန်လိုအပ်နေပေပြီ။

ဤအမှုကို သင်ခန်းစာယူ၍ ကလေးမိဘများနှင့် ဆရာဆရာမများအနေဖြင့် မိမိတို့၏ ရင်သွေးငယ် သားသမီးများကို စော်ကားခံရသူများမဖြစ်ရအောင် အစဉ်သတိပြု ကာကွယ်စောင့်ရှောက်ရန် လိုအပ်သကဲ့သို့ နောင်မှာ ပြစ်မှုကျူးလွန်သူများမဖြစ်ရလေအောင်လည်း နည်းမှန် လမ်းမှန်ဖြင့် သွန်သင်ဆုံးမပေးကြရန်လည်း တိုက်တွန်းလိုသည်။

ယခုအချိန်တွင် ကလေးငယ်လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံရမှုကို ထောင်ဒဏ် အနှစ် ၂၀ အထိချမှတ်နိုင်သည့် ဥပဒေတရပ် နိုင်ငံတော်ကလည်း အတည် ပြုပြဋ္ဌာန်းပေးပြီးဖြစ်သည်။

မြန်မာ့လူ့အဖွဲ့အစည်းအနေဖြင့် ကလေးငယ်တိုင်းကို တာဝန်ယူမှုအပြည့်ဖြင့် ကာကွယ် စောင့်ရှောက်ပေးကြရင်း ကလေးငယ်လေးများ ပျော်ရွှင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ရပေသည်။     

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013