DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ်တွင် ဆရာများရောက်မလာသဖြင့် ကျောင်းသား ၅၀၀ ခန့် စာမသင်ရဘဲ အခက်အခဲဖြစ်နေ 
DVB
·
July 4, 2019
ရသေ့တောင်မြို့နယ်တွင် ဆရာများရောက်မလာသဖြင့် ကျောင်းသား ၅၀၀ ခန့် စာမသင်ရဘဲ အခက်အခဲဖြစ်နေ 
Donate to DVB

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာက အထက်တန်းကျောင်းမှာ တာဝန်ကျ ဆရာ၊ ဆရာမတွေ မလာရောက်တာကြောင့် အဲဒီကျောင်းမှာ ပညာသင်ယူနေကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၅၀၀ လောက် ပညာရေးမှာအခက်ကြုံနေကြရတယ်လို့ ကျောက်တန်းရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။

ကျောက်တန်းကျေးရွာက ရပ်မိရပ်ဖ ဦးအေးနိုင်က “ကျနော်တို့ ကျောက်တန်းမှာ အ.ထ.က ကျောင်းမဖွင့်တာ အတော်ကြာနေပြီ။ ကျောင်းဆရာကြီးဆိုလည်း ကျောင်းဖွင့်ကတည်းက တခါမှ မရောက်ဘူး။ ရွာဘက်ကရှိတဲ့ ဆရာ၊ ဆရာမတွေက တခါတခါဖွင့်တယ်။ ကျောင်းဆရာကြီးရော ကျောင်းဆရာ၊ ဆရာမတွေလည်း မရောက်ဆိုတော့ ကျောင်းသား၊ ကျောင်းသူတွေ ဒုက္ခရောက်နေ ကြရတယ်”လို့ပြောပါတယ်။

အဲဒီကျောက်တန်းကျေးရွာဟာ မြန်မာ့တပ်မတော်က ရက္ခိုင့်တပ်တော် (အေအေ) နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ ရွာသားတွေကို ဖမ်းဆီးစစ်ဆေးရာမှာ ပစ်ခတ်မှု ဖြစ်ပြီး အရပ်သား ၇ ဦးသေဆုံးခဲ့တဲ့ ကျေးရွာလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ တည်ငြိမ်နေပြီဖြစ်ပေမဲ့ အခုလို စာသင်ဖို့ မလာရောက်ကြတာ ဘာကြောင့်လဲဆိုတာကို ရွာသားတွေ အနေနဲ့ သိချင်နေကြတာလည်း ဖြစ်ပါတယ်။

ကျောက်တန်းကျေးရွာ ကျေးရွာလူကြီးတဦးဖြစ်တဲ့ဦးကျော်မြင့်က  “ကျောင်းသားတွေက ကျောင်းတက်ခွင့်မရကြဘူး။ ဆရာ၊ ဆရာမတွေကလည်း ကျောင်းကို မရောက်ကြဘူး။ လက်ရှိ အချိန် တည်ငြိမ်နေပါတယ်။ ကျောင်းသားမိဘတွေကတော့ ကျောင်းသားတွေ၊ ကျောင်းပြန်ရမှာကို မျှော်လင့်နေကြတယ်”လို့ပြောပါတယ်။

ရသေ့တောင်မြို့နယ် ပညာရေးမှူးရုံးကတော့ ကျောင်းဖွင့်ရာသီမှာ တခြားကျောင်းတွေနဲ့ တပြိုင်တည်း အဲဒီစာသင်ကျောင်းကိုလည်း ဖွင့်လှစ်ခဲ့ပြီး တာဝန်ကျ ဆရာ၊ ဆရာမတွေကလည်း စာသင်ဖို့ လာရောက်ခဲ့ကြပေမယ့် အဲဒီအနီးအနားက ကျေးရွာတွေကို တပ်မတော် စစ်ကြောင်းက မကြာခဏရောက်လေ့ရှိတာကြောင့် ရွာသားတွေ ထွက်ပြေးတဲ့အခါ ဆရာ၊ ဆရာမတွေလည်း ထွက်ပြေးသွားတာဖြစ်တယ် လို့ ဆိုပါတယ်။

ရသေ့တောင်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဇော်မင်းနိုင်က “ကျောင်းဖွင့်ရာသီမှာ အခြေအနေအရ ကျောင်းဖွင့်နိုင်၊ မဖွင့်နိုင် ဖြစ်ခဲ့တယ်။ ကျောင်းကလည်း ဖွင်ခဲ့တယ်။ ကျောင်းသား လက်ခံတယ်။ လုံးဝမဖွင့်ခဲ့တာတော့ မဟုတ်ဘူး။ ဆရာ၊ ဆရာမတွေလည်း သွားတက်ကြတယ်။ အခုဒီတရက်နှစ်မှာ လိုင်ဂွင်ရွာကို စစ်သားတွေရောက်တယ်။ ကျောက်တန်းကျေးရွာသားတွေ ကလည်း ကြောက်လို့ ပြေးကြတယ်ပေါ့။ ရွာသားတွေကတောင် ပြေးကြတယ်။ ဒေသခံဆရာ၊ ဆရာမတွေကိုယ်တိုင်ပြေးကတော့ အဝေးက လူတွေကလည်း ပြေးကြရတာပေါ့”လို့ ပြောပါတယ်။

ကျောက်တန်းကျေးရွာက အထက်တန်းကျောင်းဟာ ဆယ်တန်းစာစစ်ဌာန ရရှိထားတဲ့ ကျောင်းဖြစ်သလို ပုံမှန်ဆိုရင် ကျောင်းသား ၁၀၀၀ ကျောင်လောက် တက်ရောက်လေ့ရှိပေမယ့် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒီနှစ်မှာတော့ ကျောင်းသား၅၀၀ လောက်ပဲရှိပါတယ်။

တချို့ကျောင်းသားတွေက တခြားမြို့နယ်တွေမှာ သွားတက်နေကြတာရှိပြီး ဒေသမှာ ကျန်ရစ်ခဲ့တဲ့ကျောင်းသားတွေကတော့အခုလိုပဲ အခက်အခဲကြုံနေကြရတယ်လို့လည်း ပညာရေးဌာနက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ် အပါအဝင် မြို့နယ်တချို့ကကျောင်းတွေကိုလည်း ပိတ်ထားရတာပါ။

ဒါကြောင့်လည်း ကျောင်းသား၊ ကျောင်းသူ ၂၀၀၀ ကျော်လောက် ပညာမသင်ရဘဲ အခက်ခဲ ဖြစ်နေကြရတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ စစ်တမ်းအရ သိရပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013