DVB Logo
Home
မြန်မာသတင်း
လူငယ်များ အလုပ်အကိုင်ရစေရန် ဝမ်းတွင်းမြို့နယ်တွင် အခမဲ့ဖုန်းပြင်သင်တန်းဖွင့်
DVB
·
July 3, 2019
လူငယ်များ အလုပ်အကိုင်ရစေရန် ဝမ်းတွင်းမြို့နယ်တွင် အခမဲ့ဖုန်းပြင်သင်တန်းဖွင့်
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျေးလက်ဦးစီးဌာနက ကျေးလက်လူငယ်တွေ အလုပ်အကိုင်ရရှိစေဖို့  အခမဲ့ မိုဘိုင်းဖုန်းပြင်သင်တန်းကို ဇူလိုင် ၂ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။

ကျေးလက်ဦးစီးဌာန လက်ထောက်ညွှန်မှူး ဒေါ်ရီရီဦးက "ကျေးလက်လူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရစေဖို့ ရည်ရွယ်ပြီး အခမဲ့ မိုဘိုင်းဖုန်းပြင် သင်တန်း ဖွင့်ပေးပါတယ် ဌာနအနေနဲ့ ကျေးလက်လူငယ်တွေအတွက် အခမဲ့သင်တန်း ၁၅ခုလောက်ကို ၂၀၁၃-၁၄ကစပြီး ဒီနေ့အထိ ဖွင့်ပြီးခဲ့ပါပြီ"လို့ ပြောပါတယ်။

မိုဘိုင်းဖုန်းသင်တန်းသား တင်ထွန်းအောင်က "ကျနော်က သဲတောလေးရွာက လာတက်တာပါ။ ဒီသင်တန်းပြီးရင် ရွာမှာ ကိုယ်ပိုင်ဖုန်းပြင်ဆိုင်လေး ဖွင့်မှာပါ။ သင်တန်းက အခမဲ့ သင်ပေးတာပါ" လို့ ဒီဗွီဘီကိုပြောပါတယ်။

သင်တန်းဆရာဦးကိုဖြိုးက "များသောအားဖြင့်တော့ ကျနော်တို့ဖွင့်တဲ့ သင်တန်းတွေက စာတွေ့လက်တွေ့ တနေ့ကိုတနာရီသင်ပြီး နာရီဝက်ဆွေးနွေးပြီး ၂လသင် သင်တန်းဖွင့်ပါတယ်။ အခုဖွင့်တဲ့ သင်တန်းကတော့ တနေ့ကို စာတွေ့လက်တွေ့ ၄နာရီသင်မယ်။ ပြီးရင် အခက်အခဲတွေ ပြန်လည်တင်ပြဖို့ နာရီဝက်ဆွေးနွေးကြမယ်။ ဖုန်းပြင်သင်တန်းကို တက်တာ ဘယ်သူမဆို တက်နိုင်သင်နိုင်ပါတယ်"လို့ ပြောပါတယ်။

ကျေးလက်ဦးစီးဌာနဦးစီးမှူး ဒေါ်အိအိသော်က "ဒီသင်တန်းတွေက သင်ကြားရေး အထောက်အကူပြု ပစ္စည်းတွေက ဌာနကပဲ စိုက်ထုတ်လုပ်ဆောင်ပေးတယ် စက်ချုပ်သင်တန်း လက်သမား ပန်းရံသင်တန်း ဂဟေဆော်သင်တန်းတက်ပြီးသူတွေ အားလုံးလိုလို ကျေးလက်မှာ လက်တွေ့အလုပ်လုပ်နေကြတာ တွေ့ရတယ်။ မြစိမ်းရောင်ချေးငွေရှိတဲ့ ကျေးရွာက သင်တန်းသား တွေကို အတိုး တကျပ်နဲ့ အရင်းအနှီးထုတ်ချေးပေးတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

၂၀၁၄ သန်းခေါင်စာရင်းအရ ဝမ်းတွင်းမြို့နယ်တခုလုံး လူဦးရေ ၂ သိန်း ၃သောင်း လောက်ရှိပါတယ်။ အလုပ်လုပ်နိုင်သူ ၁ သိန်း ၆ သောင်းရှိပြီး ကလေးသူငယ် ၆သောင်းခန့်နှင့် အသက် ၆၅ နှစ်အထက် ၁သောင်းကျော် ရှိနေပါတယ်။

ကျေးလက်ဦးစီဌာနမှ ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲနွမ်းပါးမှုလျော့ကျစေရန် ရည်ရွယ်ပြီး ကျေးလက်လူငယ်များ အလုပ်အကိုင်ရအောင် အခမဲ့ သင်တန်းတွေဖွင့်ပေးနေပါတယ်။

ဒီနေ့ဖွင့်တဲ့ မိုဘိုင်းဖုန်းပြင်သင်တန်းကို ကျေးရွာအစုံက လူငယ် ၂၀ဦး တက်ရောက်သင်ကြားနေပါတယ်။ ဝမ်းတွင်းကျေးလက်ဦးစီးက ဖွင့်တဲ့ သင်တန်း ၁၅ခုကို ကျေးလက်လူငယ် ၃၅၂ ဦးကို သင်ကြားပြီး ဖြစ်ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013