DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ရေး ရှမ်းအဖွဲ့ပေါင်းစုံ ဆွေးနွေး
DVB
·
November 26, 2012
Donate to DVB

လက်ရှိအစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ ရှမ်းတမျိုးသားလုံးအနေနဲ့ ပူးပေါင်းပါဝင်နိုင်ဖို့အတွက် ရှမ်းနိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့  လူထုလူတန်းစား အဖွဲ့အစည်း ကိုယ်စားလှယ်အားလုံး စုံစုံညီညီပါဝင်တဲ့ ဆွေးနွေးပွဲကြီးတရပ်ကို ဒီနေ့မနက်ပိုင်းမှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

ရှမ်းအဖွဲ့အစည်းအားလုံးပါဝင်တဲ့ ဒီညီလာခံကြီးကို (ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း) ဆွေးနွေးပွဲလို့ အမည်ပေးထားပြီး နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ၃ ရက်တာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပနေတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်ဘက်က နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ ဦးခင်မောင်စိုး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နာယက ဗိုလ်ချုပ်ဆေးထင်၊ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) က   ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်  စ၀်ပေါင်ခေးအပါအ၀င် ရှမ်းအဖွဲ့အစည်းပေါင်းစုံက ကိုယ်စားလှယ်တွေ စုစုပေါင်း လူ ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲ ဖွင့်ပွဲမှာ ပြည်တွင်း၊ ပြည်ပ သတင်းထောက်ပေါင်း ၃၀ ကျော်က  သတင်းလာရိုက်ကူးသွားပြီး  ဆွေးနွေးပွဲက တင်ပြတဲ့ အချက်အလက်တွေ ပေါ်မှာတော့ သတင်းထုတ်ပြန်ခွင့်မရှိသေးဘဲ ဆွေးနွေးပွဲ နောက်ဆုံးရက်မှာမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲဟာ   ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်ပေးဖို့   သမ္မတဦးသိန်းစိန်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို မေတ္တာရပ်ခံတဲ့အပေါ်မှာ မူတည်ဆောင်ရွက်ရတာဖြစ်တယ်လို့ အက်စ်အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဦးစိုင်းလိတ် က   ပြောပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေး ရဖို့အတွက်  အစိုးရနဲ့ ပြည်သူအကြား အရင်ဆုံး ယုံကြည်မှု တည်ဆောက်ရမှာဖြစ်ပြီး ဒီတခေါက် ရှမ်းတိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးပွဲ အောင်မြင်သွားရင် နောက်တဆင့်အနေနဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားလူမျိုးစုတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီး ကျင်းပနိုင်အောင် ကြိုးစားသွားမယ်လို့ အက်စ်အန်အယ်လ်ဒီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013