DVB Logo
Home
မြန်မာသတင်း
ဒေါဆိုရှေ့တောင်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရဲစခန်းပို့ဆောင် 
DVB
·
July 3, 2019
ဒေါဆိုရှေ့တောင်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရဲစခန်းပို့ဆောင် 
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ရွာက တောင်သူ ၃ ဦးကို ဒေသအခြေစိုက် တပ်မတော် အမြောက်တပ် ၃၆၀ က ဖမ်းဆီးခေါ်ဆောင်ပြီး ဒီးမော့ဆို မြို့မရဲစခန်းကို ပို့ဆောင်လိုက်ပါတယ်။

ဇူလိုင် ၂ ရက်နေ့က ဒေါ့ဆိုရှေး တောင်သူ ၃ဦး တောင်ယာကနေ  ပြန်လာချိန် တပ်မြေ ကျူးကျော်တယ်ဆိုပြီး လက်နက်အပြည့်အစုံ စစ်သား ၉ ဦးလောက်က ဖမ်းဆီး ခေါ်ဆောင် ရဲစခန်းကို ပို့ဆောင်ခဲ့တာပါ။

ရဲစခန်းကတော့ မနေ့ည ၉ နာရီခွဲလောက်မှာ အဆိုပါ တောင်သူ ၃ ဦးကို ခံဝန်နဲ့ ပြန်လွှတ် ပေးခဲ့တယ်လို့ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့က ရုံးတာဝန်ခံ ခွန်းဂေကော်ရီယိုက ပြောပါတယ်။

“မနေ့ညက သူတို့ရဲစခန်းလိုက်သွားတော့ ရဲစခန်းက အာမခံနဲ့ပြန်လွှတ်ပေးတယ်။ သူတို့ တောင်ယာသွား စိုက်ကြတယ်။ သူတို့အများကြီးသွားကြတယ်။ ဒါပေမယ့်သူတို့ နောက်ဆုံးကျန်တဲ့ ၃ ယောက်ကို တပ်ကနေပြီးတော့ ခေါ်ပြီးတော့ ဟိုး ရဲစခန်းသွားပို့လိုက်တယ်။ ဖမ်းခေါ်သွား တယ်လို့ ပြောလို့လည်း ရတာပေါ့နော်။ ၃ ယောက်က တောင်သူတယောက်ပဲကျနော်သိတယ်။ ၂ ယောက် စက်မှုလယ်ယာကဖြစ်တယ်။ တောင်သူတွေက သူတို့စက်ကို ငှားတာပေါ့။ ထွန်ဖို့ထယ်ဖို့ ပေါ့။ မနေ့ညကတော့ အာမခံနဲ့ စက်ရော လူရောပြန်လွှတ်ပေးတယ်။”

ဒေါဆိုရှေ့ အခြေစိုက် အမှတ် ၃၆၀ အမြောက်တပ်က သိမ်းယူထားတဲ့ မြေယာပေါ်မှာ သွားရောက်ထွန်ယက်စိုက်ပျိုးခဲ့တာကြောင့် ရွာသား  ၆ ဦးကို အကျိုးပျက်စီးမှု ပုဒ်မ ၄၂၇ နဲ့ စစ်တပ်က တရားစွဲဆိုထားပြီး နောက်ထပ် ရွာသူရွာသား ၃၆ ဦးကိုလည်း ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုထားပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒေါမူကလားကျေးရွာမှာလည်း စစ်တပ်က သိမ်းဆည်း ထားတဲ့ မြေယာတွေကို ပြန်လည်ရယူဖို့  ကြိုးပမ်းနေတဲ့ တောင်သူတဦးနဲ့ ဖြစ်စဉ် အချက်အလက် တွေကို သွားရောက်မှတ်တမ်းယူတဲ့ ပြည်နယ်လွှတ်တော် ကော်မတီအဖွဲ့ဝင် တဦးတို့ကို ဇွန်လ ၂၆ ရက်သန်းခေါင်ကျော်မှာ  ရဲတွေက ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။

လတ်တလော ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မြေယာသိမ်းဆည်းမှုပြဿနာနဲ့ မြေလွတ် မြေရိုင်း ပြဿနာတွေနဲ့ ပတ်သက်လို့တောင်သူတွေကို ငှဲ့ညာသောအားဖြင့် ပြန်လည်စွန့်လွှတ် ပေးဖို့လည်း ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့က ခွန်းဂေကော်ရီယိုက တောင်းဆို ပါတယ်။

“အခုက တောင်သူအများစုဆိုတော့ ကိုယ်ပိုင်တဲ့တောင်ယာမှာပဲ အသက်မွေးဝမ်း ပြုနေ ရတော့ တပ်ကလည်း အဲလို သိမ်းတယ်ဆည်းတယ်ဆိုတော့ သူတို့ရဲ့စားဝတ်နေရေး အတွက်က လည်း အင်မတန်အခက်အခဲရှိတာပေါ့နော်။ ဆိုတော့ လိုအပ်သလောက်ဆိုတာထက် အခုတပ်က သိမ်းဆည်းတာက လိုတာထက်ပိုသလိုမျိုးဖြစ်နေတယ်။ ဆိုတော့ တောင်သူဘက်ကိုလည်း ငှဲ့ညာပြီးတော့ ပြန်လည်လျော့ပေါ့ပေးဖို့၊ ပြန်လည်စွန့်လွှတ်ပေးဖို့ အဲဒါကျနော်တို့ရဲ့ အဓိက တောင်းဆိုချက်ပေါ့။ ဆိုတော့ အဲဒါအမြန်ဆုံးလုပ်ဆောင်ပေးဖို့ အဲဒါပဲ ပြောချင်ပါတယ်။ ”

ဒါ့အပြင် ကယားပြည်နယ်ထဲက မြေယာပြဿနာဖြစ်နေတဲ့ ကျေးရွာတွေက ရပ်မိရပ်ဖတွေကလည်း ဇွန်လ ၂၆ ရက်စွဲနဲ့ အရှေ့ပိုင်းတိုင်း တိုင်းမှူးနဲ့ ဒကစမှူးထံ လိပ်မူပြီး တောင်သူ တွေအပေါ် အမှုဖွင့်တိုင်ကြားမှုနဲ့ တရားစွဲဆိုမှုကို သက်ညာပေးဖို့နဲ့ အဲဒီမြေနေရာတွေ မှာ တောင်သူတွေ ပြန်လည်လုပ်ကိုင် ခွင့်ပြုဖို့ တင်ပြတောင်းဆိုထားပါတယ်။

ဒီတောင်းဆိုချက်အတိုင်း ဆက်လက်ဆောင်ရွက်ပေးဖို့လည်း ကယားပြည်နယ်ဒီမိုကရက် ပါတီက ထပ်ဆင့်တောင်းဆိုထားပါတယ်။

ကိုယ်မပိုင်တဲ့ သိမ်းဆည်းလယ်ယာမြေတွေကို ဖက်တွယ်မနေဘဲ မူလပိုင်ရှင်တွေထံ အမြန်ဆုံးပြန်ပေးအပ်ဖို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇွန်လ ၂၈ ရက်က ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်မှာ ဒေသခံတောင်သူတွေနဲ့ တွေ့ဆုံရာ စဉ် ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013