DVB Logo
Home
မြန်မာသတင်း
အေအေတပ်ဖွဲ့ဝင် သံသယဖြင့် ဖမ်းဆီးခံထားရသူ စစ်တွေဆေးရုံတွင် သေဆုံး
DVB
·
July 2, 2019
အေအေတပ်ဖွဲ့ဝင် သံသယဖြင့် ဖမ်းဆီးခံထားရသူ စစ်တွေဆေးရုံတွင် သေဆုံး
1 / 4
Donate to DVB

ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ တပ်ဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်ရဲ့ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင် ကျေးရွာသားတဦးဟာ မနေ့က ညနေပိုင်းမှာ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံနေရင်းနဲ့ သေဆုံးသွားပါတယ်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ် ပေါက်တောပြင်ကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ဖြစ်ပြီး တပ်မတော်ရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ကျောက်တော်မြို့နယ် ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီး ဒဏ်ရာအခြေအနေ ပြင်းထန်တာကြောင့် စစ်တွေဆေးရုံမှာ ကုသနေစဉ် ဇွန် ၁ ရက်နေ့ ညပိုင်းမှာ သေဆုံးသွားတာပါ။

ဖမ်းဆီးခံထားရစဉ်အတွင်း တပ်မတော်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် ခန္ဓာကိုယ် အတွင်းဒဏ်ရာတွေ များစွာရရှိခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။ ဒီလို ဒဏ်ရာတွေ ကြောင့် သွေးအန်တာ၊ အသက်ရှူမဝတာ၊ အစာမစားနိုင်တာ၊ စကားမပြောနိုင်တာ စတဲ့ ဝေဒနာတွေကို ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အခုလို သေဆုံးသွားတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာတော့ ပြီးခဲ့တဲ့လကတည်းက သူတို့ကို တရားစွဲတင်နိုင်ဖို့ ရဲစခန်းကို အပ်နှံပြီးသားဖြစ်သလို မိသားစုဝင် တွေအနေနဲ့ကလည်း ကျေနပ်မှုမရှိရင် တရားဥပဒေအရ တုံ့ပြန်ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကို စစ်တွေဆေးရုံရင်ခွဲရုံကနေ တဆင့် မိသားစုတွေ နေထိုင်တဲ့ မြောက်ဦးနယ် သယ်ဆောင်သွားပြီး မနက်ဖြန်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကိုဇော်ဝင်းလှိုင်အပါအဝင် ၈ ဦးဟာ မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာ အနီးမှာ လက်သမားလုပ်နေကြစဉ် ဇွန်လ ၂၀ ရက်နေ့က တပ်မတော်ရဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး တပ်မတော်ကနေတဆင့် ကျောက်တော်မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်ခဲ့ထားရတာပါ။

ကိုဇော်ဝင်းလှိုင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ပေါက်တောပြင်ကျေးရွာက အခြားတဦးဟာလည်း တပ်မတော်က စစ်ကြေားရေးလုပ်စဉ် သေဆုံးသွားတာရှိပါတယ်။

စစ်တွေဆေးရုံမှာ ပေါက်တောပြင်ကျေးရွာက ကိုဇော်ဝင်းလှိုင်  သေဆုံးခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆေးရုံတာဝန်ရှိသူနဲ့ ပြည်နယ်ကျန်းမာရေးမှူးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013