DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းကို ပိတ်ထားရန် ညွှန်ကြား 
DVB
·
July 2, 2019
နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းကို ပိတ်ထားရန် ညွှန်ကြား 
Donate to DVB

သုံးနှစ်နီးပါးအရွယ် မိန်းကလေးငယ်တယောက် မဖွယ်မရာပြုလုပ်ခံခဲ့ရတဲ့ နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းကို ပိတ်ထားဖို့ သက်ဆိုင်ရာက ညွှန်ကြားလိုက်ပါတယ်။

မူကြိုကျောင်းဖွင့်ခွင့်အတွက် လျှောက်ထားဆဲ အခြေအနေမှာ ခွင့်ပြုမိန့်မကျသေးဘဲ ဖွင့်လှစ်တဲ့အတွက် အခုလိုပိတ်သိမ်းဖို့ ညွန်ကြားချက်ထုတ်ပြန်လိုက်ရတာလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနကို လာရောက်မေးမြန်းတဲ့ မီဒီယာတွေကို လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက နေပြည်တော်ရှိ ပုဂ္ဂလိကကျောင်းတွေ လျှောက်ထားမှု အခြေအနေနဲ့ ပတ်သက်ပြီးရှင်းပြပါတယ်။

“မပြည့်စုံသေးတဲ့၊ အချက်အလက်မပြည့်စုံသေးတဲ့ (၁၀) ကျောင်းကတော့ တည်ထောင်ခွင့်ပြုမိန့် မရမချင်းတော့ မဖွင့်ရပါဘူးဆိုတဲ့ စာလေးတော့ ထုတ်ပြန်ပါတယ်။ ဒါကလည်း ကျန်တဲ့တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း ထုတ်ပြန်ဖို့ ထုတ်လည်း ထုတ်ပြန်ထား တာ။ အဲ့လိုမျိုး အနေအထား။ အဲ့တော့ အဲ့ဒီ (၁၀)ကျောင်းထဲမှာတော့ Wisdom Hill ပါနေပါတယ်” လို့ ညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းအေးက ပြောပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေသလို ကျောင်းဖွင့်ခွင့် နှစ်ပတ်ပိတ်သိမ်းရတာမျိုးမဟုတ်ဘဲ ခွင့်ပြုမိန့်မကျမချင်း  ဖွင့်လှစ်ခွင့် မရှိတာဖြစ်တယ်လို့ ပြောပါတယ်။

Wisdom Hill ကျောင်းမှာ မေလ ၁၇ ရက်နေ့က အသက် ၃ နီးပါးကလေးငယ်တဦး လိင်အကြမ်းဖက်ခံရမှု ဖြစ်ပွားခဲ့ပြီး ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ အမှုဖွင့်စစ်ဆေးနေရာကနေ ဒီအမှုကို မှုခင်းရဲတပ်ဖွဲ့က CID က လွှဲပြောင်းရယူ စစ်ဆေးနေပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ မူကြိုကျောင်းတွေမှာ အသက် ၃ နှစ်မှ ၅ နှစ်ထိကိုသာ လက်ခံဆောင်ရွက်ဖို့နဲ့ ကျောင်းဖွင့်ခွင့် ခွင့်ပြုမိန့် မရခင်ကာလ အတွင်း ဖွင့်လှစ်ခြင်း မပြုဖို့ ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။

အခုလို မူကြိုကျောင်းဖွင့်ခွင့် ပိတ်ခံရတာနဲ့ပတ်သက်ပြီး Wisdom Hill ကျောင်းအုပ် ဦးပညာကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေ ဆိုခြင်း မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013