DVB Logo
Home
မေးမြန်းခန်း
ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် မြန်မာတောင်းဆိုမှု ထိုင်းငြင်းဆို
DVB
·
November 26, 2012
Donate to DVB

မြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးလုပ်ငန်း သက်တမ်းကုန်ဆုံးမယ့်ရက် တိုးချဲ့လုပ်ဆောင်ပေးဖို့ မြန်မာအလုပ်သမားဝန်ကြီးဌာနရဲ့ တောင်းဆိုချက်ကို ထိုင်းနိုင်ငံဘက်က ငြင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံအကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေကြတဲ့ မြန်မာအလုပ်သမားတွေ စာရင်းကို မြန်မာသံရုံးဘက်က ပြုစုထုတ်ပြန်ပေးဖို့ ထိုင်းအလုပ်သမားအာဏာပိုင်တွေက အကြံပြု ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဒီနေ့ပြုလုပ်တဲ့ မြန်မာ - ထိုင်း အလုပ်သမား တာဝန်ရှိသူတွေ ဆွေးနွေးပွဲမှာ အခုလို ပြောဆိုဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

အကြောင်းစုံကို ဆွေးနွေးပွဲတက်ခဲ့တဲ့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့က ဦးအောင်မျိုးသန့်ကို ဦးရွှေအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ထိုင်းကနေ မြန်မာအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ် ဒီဇင်ဘာ ၁၄ ရက်မှာ သက်တမ်း ကုန်ဆုံးမယ့်အကြောင်း ဆွေးနွေးမယ်လို့ သိရပါတယ်။ အဲဒါတွေ ဆွေးနွေးဖြစ်လား၊ ဘာတွေ သဘောတူညီချက်တွေရပါလဲ။

“ဆွေးနွေးပါတယ်။ သူတို့က အမိန့်ထုတ်တားတဲ့အတိုင်း ဒီဇင်ဘာ ၁၄ ရက် ၂၀၁၂ မှာ ပိတ်ပါမယ်။ သို့သော် ဒီဇင်ဘာ ၁၄ ရက်နေ့အတွင်းမှာ လျှောက်ထားသူတွေကိုတော့ ဒီဇင်ဘာလကုန်ထိ လုပ်ပေးသွားပါမယ်။ ဒီဇင်ဘာနောက်ပိုင်းဆိုရင်တော့ agenda တွေကို ပြန်ပို့ဖို့ လုပ်သွားမယ်။ နောက်တချက်က နယ်စပ်မှာ အရင်လုပ်တဲ့ ၃ ခု။ မြ၀တီ၊ မဲဆောက်နဲ့ ရနောင်းတို့ကိုတော့ ဆက်ထားသွားမယ်။ နောက် ထိုင်းနိုင်ငံအတွင်းမှာ နေရာ ၂ နေရာ ပေးဖို့ လုပ်ပါမယ်။ အဲနေရာတွေသည် ပတ်စပို့လုပ်ဖို့ မဟုတ်ဘဲ ပတ်စပို့ရပြီးသားလူတွေ သက်တမ်းကုန်ရင် သက်တမ်းတိုးပေးဖို့ရယ်၊ စာအုပ်အသစ်လဲဖို့ရယ်နဲ့ သူတို့ဖမ်းပြီး ပြန်ပို့တဲ့အချိန်မှာ ကျနော်တို့က ကျနော်တို့ နိုင်ငံသားဟုတ် မဟုတ် စစ်ဆေးပေးဖို့ တောင်းဆိုတယ်။”

ဆိုလိုတာက သူတို့ ရက်ကို ထပ်မတိုးပေးတော့ဘူး။ ကြေညာထားတဲ့အတိုင်းပဲ အရေးယူမယ်။ အဲလိုသဘောလား။

“ဟုတ်ပါတယ်။ ကျနော်တို့ဘက်က အတန်တန် တောင်းဆိုပါတယ်။ ဖြစ်နိုင်ရင် ၆ လလောက် တိုးပေးဖို့ ဒါပေမယ့် သူတို့က မရဘူး။”

နောက်တခုက ဆွေးနွေးတဲ့အထဲပါတာက သမ္မတ ဦးသိန်းစိန် ချစ်ကြည်ရေးခရီးစဉ်မှာ သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ် ဆွေးနွေးခဲ့တဲ့ အချက်တွေ အဲဒါတွေ အကောင်အထည်ဖော်ဖို့ အဓိက ဆွေးနွေးသွားမယ်ဆိုတာ။ ဘာတွေဆွေးနွေးပါလဲ။

“သူတို့ကတော့ အခု နှစ်နိုင်ငံပူးတွဲဆောင်ရွက်နေတဲ့ ပတ်စပို့ကိစ္စကို ပြီးဆုံးအောင် လုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုးလောက်ပဲ ညှိခဲ့တယ်ဆိုတာမျိုး ပြန်ပြောပါတယ်။ ကျနော်တို့က ကျန်တဲ့လူ ၈ သိန်းလောက် ပြီးအောင်လုပ်ပေးဖို့ ရက်တိုးတောင်းတဲ့အခါ၊ သူတို့ကမဖြစ်နိုင်ဘူးဆိုတဲ့ စကားပြောပါတယ်။ ကျနော်တို့က ဒီမှာလူတွေဒုက္ခရောက်နေတာကို ပံ့ပိုးတယ်ဖြစ်အောင်ရယ်၊ နိုင်ငံတကာအမြင်မှာ နှစ်နိုင်ငံပူးတွဲလုပ်ဆောင်တာ အောင်မြင်တယ်၊ ချီးကျူးစရာဖြစ်နေတဲ့အချိန်မှာ ကောင်းတဲ့လက္ခဏာလေး ပြန်ဆုတ်ယုတ်သွားမှာစိုးလို့ သူတို့ကို တောင်းပန်တယ်။ ဒါပေမယ့် သူတို့ဘက်က မလုပ်ပေးပါဘူး ဆိုတဲ့ စကားပဲထွက်လာတယ်။”

နောက် ထိုင်းနိုင်ငံမှာရှိတဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာအလုပ်သမားတွေ ပြစ်ဒဏ်လျှော့ပေါ့ရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ပြုရေး အဲအပိုင်းဆွေးနွေးချက်မှာရော ဘာများအဖြေထွက်ပါလဲ။

“အဲဒါ ကျနော်တို့ တောင်းပါတယ်။ သူတို့ဘက်က အကြံဥာဏ်ပေးပါတယ်။ အခု ဘုရင့်မွေးနေ့ ၅ ရက်နေ့မတိုင်မီမှာ ကျနော်တို့က သံရုံးကနေတဆင့် စာထွက်ပေးပါ၊ သူတို့ဆီတက်လာရင် ဘုရင်ကြီးမွေးနေ့မှာ ဒီလို အကျဉ်းသားတွေလွှတ်လေ့လွှတ်ထရှိပါတယ်၊ ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောပါတယ်။”

မြန်မာအလုပ်သမားတွေက ထိုင်းနိုင်ငံထဲက အကျဉ်းထောင်ထဲမှာ ၁ သောင်းလောက်တောင် ရှိတယ်ဆိုတာ ဟုတ်ပါလား။

“ဟုတ်ပါတယ်။ ”

ဒီနေ့ မြန်မာအလုပ်သမား ဒု-၀န်ကြီးနဲ့ ထိုင်းအလုပ်သမားဝန်ကြီး ဆွေးနွေးချက်ကနေ ချုပ်ပြောမယ်ဆိုရင် မြန်မာဘက်က တောင်းဆိုချက် အချက်များများမရဘဲနဲ့ ပြီးသွားတယ်လို့ ပြောလို့ရမလား။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ဘက်က တောင်းဆိုချက်တွေ မရပါဘူး။ ကျနော်တို့က တိုးတက်တဲ့ ကမ္ဘာမှာ အတူယှဉ်တွဲနေရေးကို စဉ်းစားတဲ့အခါမှာ ကမ္ဘာ့အမြင် မြင်အောင်လို့ ဒီလိုဟာမျိုး လုပ်ငန်းတွေ ကောင်းတယ်ဆိုတာမျိုး နိုင်ငံတကာက ချီးကျူးနေတဲ့ အချိန်မှာ ချီးကျူးချက်လေးတွေ ပျောက်မသွားစေချင်ဘူး။ ဒီလုပ်ရပ်လေးတွေကို အားသွန်ခွန်စိုက်လည်း ကျနော်က လုပ်ပေးနေပါတယ်။ ၂၀၀၃ ခုနှစ်က စာချုပ်ချုပ်ထားပေမယ့် ပတ်စပို့လုပ်ငန်းကို တကယ် အကောင်အထည်ဖော်နိုင်တာက ၂၀၀၉ မှာမှ စလုပ်နိုင်ပါတယ်။ ပြောတာက ကြာပေမယ့် တကယ်လုပ်ငန်းလုပ်တာက ၂၀၀၉ မှာမှ စခဲ့ပါတယ်။ အဲဒါလည်း သူတို့ကို ပြောပြပါတယ်။ လုပ်ရတဲ့အချိန်က နည်းတဲ့အခါ လူတွေကျန်နေတာကို သက်ညှာဖို့ အတန်တန်ပြောပါတယ်။ အခု နောက်ဆုံးရတဲ့အဖြေကတော့ မရပါဘူး။ ကျနော်တို့ နောက်ဆုတ်လိုက်ရပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013