DVB Logo
Home
မြန်မာသတင်း
ထိုင်းနယ်စပ်နေ ဒုက္ခသည် ၃၀၀ ကျော် နေရပ်ပြန်
DVB
·
July 2, 2019
ထိုင်းနယ်စပ်နေ ဒုက္ခသည် ၃၀၀ ကျော် နေရပ်ပြန်
1 / 6
Donate to DVB

ထိုင်း-မြန်မာနယ်စပ်မှာ နှစ်ပေါင်းများစွာခိုလှုံနေတဲ့ ဒုက္ခသည်တွေထဲက ၃၀၀ ကျော် အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို  ပြန်လည်ဝင်ရောက်မယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ပါတယ်။

ပြန်လည်ဝင်ရောက်လာမယ့်သူတွေဟာ ထိုင်းနယ်စပ် နိုဖိုး၊ အုန်းဖျန်၊ မယ်လ ဒုက္ခသည်စခန်းတွေက လူဦးရေ ၃၁၃ ဦးဖြစ်ပြီး မယ်ဟောင်ဆောင်ခရိုင် ကရင်နီဒုက္ခသည် စခန်းက ၃၂ ဦး ပြန်လည်ဝင်ရောက်မှာဖြစ်ပါတယ်။

အဆိုပါ ပြန်ဝင်လာမယ့်သူတွေဟာ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ရှိ မြ၀တီမြို့နဲ့ မယ်စဲမြို့နယ်ကနေ ပြန်လည် ၀င်ရောက်မှာဖြစ်ပါတယ်။ 

ပြန်လည်ဝင်ရောက်လာမယ့် ဒုက္ခသည်မိသားစုဝင်တွေအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပစ္စည်း ၉ မျိုးနဲ့  မိသားစုအလိုက် ကျပ်ငွေ တသိန်းကနေ သုံးသိန်း အထိ ပံ့ပိုးပေးသလို တခြားအဖွဲ့အစည်းတွေလည်း ကူညီပံ့ပိုးပေးသွားဖို့ရှိပါတယ်။

အခုတကြိမ်ဒုက္ခသည်တွေ ပြန်လည်ဝင်ရောက်တာဟာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ပြန်ဝင်ရောက်လာမယ့်သူ ၃၀၀ ကျော်တဲ့အတွက် ၃ ရက်လွှဲပြောင်းသွားမယ်လို့လည်း သိရ ပါတယ်။ 

မနေ့ ဇူလိုင်လ ၁ ရက်နေ့မှာတော့ မယ်လ၊ နိုဖိုးနဲ့ အုန်းဖျန်ဒုက္ခသည်စခန်းက ဒုက္ခသည် ၁၅၇ ဦးကို နေရပ်ပြန်လာတာကို  မြ၀တီမြို့ရှိ ကျောက်လုံးကြီးစခန်းမှာ ပြန်လည် ကက်ခံကြိုဆိုခဲ့ပြီး တာဝန်ရှိသူတွေက လိုတဲ့ ပံ့ပိုးမှုတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။

အဆိုပါဒုက္ခသည် ၁၅၇ ဦးဟာ ကရင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရန်ကုန်တိုင်း ဒေသကြီးတွေကဖြစ်ပါတယ်။

မြန်မာပြည်တွင်းမှာ စစ်ဘေးစစ်ဒဏ်နဲ့ တခြားအကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလာသူတွေဟာ ထိုင်းနယ်စပ်ဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်းများစွာခိုလှုံနေထိုင် နေခဲ့ကြတာပါ။

လက်ရှိမြန်မာနိုင်ငံထဲမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာပြီးနောက်ပိုင်း    ဒုက္ခသည်တွေဟာ တတိယနိုင်ငံကို သွားရောက်ဖို့ အခွင့်အလမ်းတွေ လျော့နည်းသွားတဲ့ အပြင် UNHCRကလည်း ထောက်ပံ့တာတွေ လျော့ချလိုက်လို့ နယ်စပ်ဒုက္ခသည်စခန်းတွေမှာ အခက်အခဲနဲ့ကြုံတွေ့နေရသလို အိမ်ရှင်ထိုင်းနိုင်ငံအတွက်က အခက်အခဲတွေဖြစ်လာတဲ့အတွက် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ အခုလို နေရပ်ပြန်လာခဲ့ကြတာပါ။ 

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း က “ကျနော်တို့ နှစ်နိုင်ငံ ညှိနှိုင်း ဆောင်ရွက်ပြီးတော့ ကျနော်တို့အခုလို ပြန်လည်လက်ခံခြင်းလုပ်ငန်းတွေကို ဆောင်ရွက်တာ ဖြစ်တယ်”လို့ ပြောပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ ဘားအံရုံးတာဝန်ခံ Maureen McBrien က “ဟိုမှာကျန်နေခဲ့တဲ့သူတွေ ကာကွယ်မှု တကယ်လိုအပ်တဲ့သူတွေကတော့ ဟိုမှာနေလို့ရတယ်။ ထိုင်းအစိုးရကလည်း ဆက်ကာကွယ်ပေးမှာဖြစ်တယ်။ ထောက်ပံ့မှုတွေ လုံးဝဖြတ်တောက် သွားမှာ မဟုတ်ဘူး”လို့ ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက လူတဦး ကို ၁ သိန်းနှုန်း၊ အိမ်ထောင်စု ၃ ဦးနဲ့အထက်ကို ၃ သိန်းနှုန်း၊ ၁ လစာ ဆန်၊ ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုး၊ နယ်စပ်ဒေသရေးရာ ၀န်ကြီးဌာနက စားနပ်ရိက္ခာ တဦးကို တရက် ၆၀၀ ကျပ်နှုန်းနဲ့ တစ်လစာ ၁၈၆၀၀ ကျပ်၊ ၁၅၇ ဦးစာအတွက် ၂၉ သိန်းကျော်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး၊ ပညာရေးဌာနတွေက ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ထိုင်းနယ်စပ်ဒုက္ခသည် စခန်း ၉ ခုကနေ မြ၀တီကယ်ဆယ်ရေးစခန်းကို ပြန်လည် ၀င်ရောက်လာသူ စုစုပေါင်း ၈၇၀ ဦးရှိနေပြီး  ဒုက္ခသည်စခန်းတွေမှာတော့ လူဦးရေ ၁ သိန်းနီးပါး ကျန်ရှိနေသေးတယ်လို့ UNHCR တာဝန်ရှိသူကပြောပါတယ်။

သတင်း-ဖိုးစီ- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013