DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိ ရွှေလုပ်သား ၄ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ
DVB
·
November 26, 2012
မိုးထိမိုးမိ ရွှေလုပ်သား ၄ ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ
1 / 2
Donate to DVB

နေပြည်တော်ထိ လမ်းလျှောက်ချီတက်ရင်း ဖမ်းခံရတဲ့  ရွှေလုပ်သား ၄ ဦးကို မြို့နယ်အာဏာပိုင်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

မန္တလေးတိုင်း ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသက ရွှေလုပ်သား ၈၀ ခန့်ဟာ သူတို့ရဲ့ မကျေနပ်ချက်တွေကို သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံအသနားခံနိုင်ဖို့ ရန်ကုန်ကနေ မိုင် ၂၇၀ ကျော် ဝေးကွာတဲ့ နေပြည်တော်ထိ လမ်းလျှောက်ချီတက်ကြတာပါ။

သူတို့ဟာ နေပြည်တော်နဲ့ မိုင် ၂၀ ခန့်အကွာခန့်က ရေနီမြို့ကိုရောက်ရှိစဉ် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ရဲက ဖမ်းဆီးပြီး တောင်ငူထောင်အချုပ်မှာ ချုပ်နှောင်တရားစွဲ ခံနေရတာ ဖြစ်ပါတယ်။ သူတို့ ၄ ဦးကတော့ ကိုရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နဲ့ ကိုစောနောင်တို့ ဖြစ်ပါတယ်။

ချုပ်နှောင်ခံရသူ ကိုနေအောင်ထက်ရဲ့ဖခင် ဦးမြင့်သန်းက မနေ့က  တောင်ငူထောင်ကို သွားရောက်တွေ့ဆုံရာမှာ အားလုံးနဲ့ တွေ့ခွင့်မရဘဲ သားနဲ့သာ တွေ့ခွင့်ရခဲ့ပါတယ်။ သူတို့ ၄ ဦးကို ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားတယ်ဆိုတာ သိခဲ့ရတယ်လို့ ဦးမြင့်သန်းက ပြောပါတယ်။

“သူ့ကို ၅၀၅(ခ)နဲ့ စွဲထားတယ်။ နိုင်ငံရေးပုဒ်မပဲ။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တယ်ပေါ့။ ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးက ရေတာရှည်တရားရုံးကနေ စွဲထားပြီးတော့ ၃၀ ရက်နေ့ ရုံးထုတ်မယ်ပြောပါတယ်။”

သူတို့ ၄ ဦးနဲ့ အတူ လမ်းလျှောက်ချီတက်တဲ့ ရွှေလုပ်သား ၇၀ ကျော်ဟာလည်း ပဲခူးတိုင်း ရေနီမြို့က ဘုန်းတော်ကြီးကျောင်းတခုမှာ ရပ်နားနေပြီး ခရီးစဉ် ဆက်လက်ရေးနဲ့ ဖမ်းဆီးခံရသူတွေ ပြန်လွတ်ရေးကိစ္စကို ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်တယ်လို့ ကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။

“မနေ့က နေပြည်တော်ဘက် သွားဖို့ ညှိနှိုင်းတာလေးတွေ ရှိတယ်။ ဒုတိယတချက်က နေပြည်တော်မှာဖြစ်ဖြစ်၊ ရမည်းသင်းမှာဖြစ်ဖြစ် တာဝန်ရှိတဲ့ သတ္တုတွင်းဝန်ကြီးဌာနက တာဝန်ရှိသူတယောက်ယောက်ရှေ့မှာ ညှိနှိုင်းရမယ်။ လက်ရှိ ခေါင်းဆောင်တွေကို လွှတ်ပေးပါဆိုတဲ့ တောင်းဆိုချက်နဲ့ ညှိနှိုင်းတယ်လို့ ပြောတယ်။ အဲဒါ အကောင်အထည်ပေါ်မလာသေးဘူးလို့ သိရတယ်။”

ဖမ်းဆီးတရားစွဲဆိုခံရတဲ့ သူတွေအတွက် အမှုရင်ဆိုင်ဖို့ ကူညီဆောင်ရွက်မယ့် ရှေ့နေတချို့နဲ့လည်း တိုင်ပင်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပုဒ်မ ၅၀၅ (ခ) ဆိုတာကတော့ နိုင်ငံတော် အစိုးရ(သို့) နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက အများပြည်သူကိုသော်လည်းကောင်း၊ လူတစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေလျှင် အဆိုပါပြစ်မှုမြောက်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013