DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားကျောင်းသားများ ဆက်လက်ဆန္ဒထုတ်ဖော်
DVB
·
November 26, 2012
Donate to DVB

မန္တလေး ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်က ကျောင်းသူ ကျောင်းသားတွေဟာ သူတို့ရဲ့မူလ ကျောင်းဟောင်းမှာ ပြန်လည် ပညာသင်ကြားခွင့်ရရေး အတွက်  ကျောင်းရှေ့မှာ ဆက်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။

မန္တလေးမြို့မှာရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကို  စစ်ကိုင်းတိုင်း ရွာသစ်ကြီးဆီ ရွှေ့ပြောင်းခံခဲ့ရပြီး အဲဒီနေရာမှာ နေထိုင်ရေးအတွက် အဆင် မပြေတဲ့အတွက် ကျောင်းသူကျောင်းသား ၅၀၀ လောက်ဟာ နိုဝင်ဘာ ၂၃ ရက်နေ့ညကစပြီး စစ်ကိုင်းကနေ မန္တလေးမြို့ရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ဆီ ချီတက်ခဲ့ကြပါတယ်။

ဒီနေ့မှာလည်း မိမိတို့ မူလနေရာမှာပဲ ဆက်လက်ပညာသင်ကြားနိုင်ဖို့ မန္တလေး တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ရှေ့မှာ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

ကျောင်းသားတဦးဖြစ်တဲ့ ကိုသိန်းကိုကိုအောင်က “ကျနော်တို့ရဲ့ အစ်ကိုတွေ အစဉ်အဆက် ၁၂ နှစ်တိုင်တိုင် ဖွံ့ဖြိုးအောင် ထိန်းသိမ်းခဲ့တဲ့ ဒီကျောင်းတော်ကြီးကို နိုင်ငံရဲ့ အနာဂတ်မှာ ပခုံးပြောင်းတာဝန်ထမ်းဆောင်မယ့် လူတော်လူမွန် လူယဉ်ကျေးလေးတွေ ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းတည်တဲ့ ကျောင်းသားလေးတွေကို မွေးထုတ်ပေးနေတဲ့ ဒီကျောင်းတော်ကြီး။ ပြည်ထောင်စုတိုင်းရင်းသား လူငယ်လေးများရဲ့လမ်းကြောင်း ပွင့်လင်းစွာ သင်ယူနိုင်ဖို့၊ ထိရောက်စွာ သင်ယူနိုင်ဖို့ ပတ်ဝန်းကျင် အနေအထား ရှိရေးအတွက် ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ ဆန္ဒအရ ဒီကျောင်းတော်ကြီးကို ဆက်လက်ထိန်းသိမ်းသွားဖို့ တောင်းဆိုနေတာပါ။”

ကျောင်းသူကျောင်းသားတွေ အခုလို တောင်းဆိုမှုနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၄ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဟာ တောင်းဆိုနေတဲ့ ကျောင်းသားတွေနဲ့ ကျောင်းခန်းမဆောင်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့် ကျောင်းသားတွေရဲ့တောင်းဆိုမှုတချို့ကို လိုက်လျောမယ်လို့ ကတိပေးပြီး မလုပ်တဲ့အတွက် အခုလို ဆက်ပြီး ဆန္ဒထုတ်ဖော်တာလို့ ကိုသိန်းကိုကိုအောင်က ပြောပါတယ်။

“၂၄ ရက်နေ့က ၀န်ကြီးနဲ့တွေ့ပြီး သဘောတူညီချက်ယူခဲ့တယ်။ ကျောင်းသားတွေ လုံးဝ အပြင်မထွက်ဘူးဆိုရင် ကျောင်းသားတွေရဲ့ လုံခြုံရေး၊ ကျောင်းသားမိဘတွေနဲ့ ဌာနဆိုင်ရာတွေက လာပြန်ခေါ်တဲ့ကိစ္စတွေကို ရပ်တန့်ပေးမယ်ဆိုတဲ့ ကတိကို ပေးခဲ့ပါတယ်။ ကျနော်တို့ အနေနဲ့ အပြင်မထွက်တော့ပါဘူးဆိုတဲ့ အေးအေးဆေးဆေးနဲ့ အဖြေကို စောင့်ဆိုင်းပါမယ်ဆိုတဲ့ ကတိကို ပေးခဲ့တယ်။ ဒါပေမယ့် သူတို့ဘက်က ကတိကို လုံးဝ မတည်ခဲ့ပါဘူး။ အခုထိလည်း ကျောင်းသားမိဘတွေနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေက ပြန်ခေါ်ဖို့အတွက် စာထုတ်ထားတယ်လို့ ကျနော်တို့ သိရပါတယ်။ ကျောင်းသားတွေရဲ့ ဆန္ဒမပါဘဲနဲ့ ရအောင် ပြန်ခေါ်ခိုင်းနေတဲ့အနေအထားပါ။ ကျနော်တို့ကို လူစုခွဲနေတဲ့ အနေအထားပါ။ အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသားတွေရဲ့လုံခြုံရေး၊ သူတို့ဘက်က ပေးထားတဲ့ ကတိကို မတည်တဲ့အနေအထားမှာရှိတဲ့အတွက်ကြောင့် ကျနော်တို့ကျောင်းရဲ့ အ၀င်ဝမှာ အခုလက်ရှိ ရှိနေပါတယ်။”

နယ်စပ်ရေးရာဝန်ကြီးဌာန လက်အောက်ခံ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) ကို ပညာရေးဝန်ကြီးဌာနက မန္တလေးကောလိပ် အဖြစ် ပြောင်းလဲဖွင့်လှစ်ဖို့ ရှိတာကြောင့်  ကျောင်းသားတွေက မကျေနပ်ဘဲ အခုလိုလူစုလူဝေး နဲ့ တောင်းဆိုနေရတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသား ဒီဂရီကောလိပ်ဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးက အစိုးရ ၁၀ တန်းအောင် တိုင်းရင်းသားကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ကောလိပ်တခုဖြစ်ပြီး၊ ၂၀၀၀ ပြည့်နှစ်ကတည်းက ဖွင့်လှစ်သင်ကြားပေးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013