DVB Logo
Home
မြန်မာသတင်း
ကျောက်တော်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၄ ဦး ထပ်မံနုတ်ထွက် 
DVB
·
July 1, 2019
ကျောက်တော်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၄ ဦး ထပ်မံနုတ်ထွက် 
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က အုပ်ချုပ်ရေးမှူး ၁၄ ဦးထပ်မံ နုတ်ထွက်စာ တင်ထားကြတယ်လို့ ကာယကံရှင်တွေက အတည်ပြုပြောပါတယ်။

ကျောက်တော်မြို့နယ်မှာ  အုပ်ချုပ်ရေးမှူး တဦးနဲ့ ကျေးရွာတာဝန်ခံတဦးတို့ကို တပ်မတော်က ဖမ်းဆီးအမှုဖွင့်ထားပြီးနောက် ခုလို အုပ်ချုပ်ရေးမှူး ၁၄ ဦးက နုတ်ထွက်စာ တင်လိုက်တာဖြစ်ပါတယ်။

နုတ်ထွက်စာတင်ထားသူတဦးဖြစ်တဲ့ အုံးပတီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက “အသုံးချနေကြရလို့ ကျနော်တို့ ကိုယ့်ကိုယ်ကို ကြောက်လာတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် အာမ မခံနိုင်ရင်ကျနော်တို့ ရပ်ရွာမှာရှိတဲ့ ရပ်သူရွာသားတွေကို ကာကွယ်ပေးလို့ မရတော့ဘူးလေ။ ကိုယ်တို့တွေကိုတောင် ကြက်တွေ၊ ငှက်တွေလို ဖမ်းနေတယ်ဆိုလို့ရှိရင် ရပ်သူ၊ ရွာသားတွေကို ပြောစရာမလိုတော့ဘူးလေ။ အဲဒါကြောင့်လည်း ကျနော်တို့ စိုးရိမ်ကြောင့်ကြမှုကြောင့် နုတ်ထွက်ရတာ” လို့ပြောပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၄ ဦးဟာ ဇွန်လ ၂၈ ရက်က ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်ပြီး စုပေါင်းလက်မှတ်ထိုးကာ တာဝန်နဲ့ ပတ်သက်တဲ့ တံဆိပ်တုံးတွေနဲ့ စာရွက်စာတမ်းတွေကို အပ်နှံခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ မေလဆန်းပိုင်းကလည်း ရပ်ကျေး အုပ်ချုပ်ရေးမှူး ၄၆ ဦးနုတ်ထွက်ခဲ့ကြပြီး အခုဆိုရင် နုတ်ထွက်စာတင်တဲ့ အုပ်ချုပ်ရေးမှူး ၇၀ ဦးထိရှိပြီဖြစ်ပါတယ်။ 

အုပ်ချုပ်ရေးမှူးတွေ ထပ်မံပြီး နုတ်ထွက်စာတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ကျောက်တော်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူကို ဆက်သွယ်ရာမှာတော့ ဖြေဆိုခဲ့ခြင်း မရှိပါဘူး။

ကျောက်တော်မြို့နယ် မင်းသားတောင်အုပ်ချုပ်ရေးမှူးနဲ့ ရွှေပြည်ကျေးရွာတာဝန်ခံ ဦးသိန်းစိုးအောင်တို့ကိုလည်း တပ်မတော်က ဖမ်းဆီးထားပြီး ကျောက်တော်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

ဒါ့ကြောင့်ကျန်ရှိနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သူတို့နှစ်ဦးကို လွှတ်ပေးဖို့၊ အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးဖို့လိုအပ်လာရင် တပ်မတော်ဘက်က တိုက်ရိုက်ဖမ်းဆီးတာမျိုး မဟုတ်ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကသာ တဆင့်ခံ ခေါ်ယူစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။

အဲဒီ တောင်းဆိုမှုတွေကို လိုက်လျောပေးတာမရှိသေးတာကြောင့် ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေ ဆက်လက်နုတ်ထွက်နေကြတာလည်း ဖြစ်ပါတယ်။ သူတို့တောင်းဆိုချက်တွေကို လိုက်လျောရင်တော့ တာဝန်တွေကို ပြန်လည် ထမ်းဆောင်သွားဖို့ရှိတယ်လို့လည်း ပြောကြပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်လာပြီး နောက်ပိုင်း အရပ်သားတွေအပြင် အစိုးရရဲ့ အောက်ခြေအုပ်ချုပ်ရေးအဖွဲ့စည်းတခုဖြစ်တဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကိုပါ ဖမ်းဆီးမှုတွေ ရှိလာပါတယ်။

ဒီလိုဖမ်းဆီးခံရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကလည်း မြောက်ဦးမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့ပါတယ်။

ကျောက်တော်မြို့နယ်မှာ ကျေးရွာအုပ်စု ၇၉ အုပ်စု၊ ကျေးရွာ ၂၈၄ ရွာတည်ရှိပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၄ ဦးရှိရာ အဲ့ဒီအနက်မှ လက်ရှိ အယောက် ၇၀ နုတ်ထွက်စာတင်ထားကြပြီး ဖမ်းဆီးခံထားရသူနှစ်ဦးမှအပ ၁၂ ဦးလောက်သာ ကျန်ရှိတယ်လို့ သိရပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013