
အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီးအရေးယူမှုတွေအတွင်း မက္ကဆီကိုနိုင်ငံသားတွေ သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်တရားရုံးတွေမှာ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုသွားမယ်လို့ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ်က ဇူလိုင် ၉ ရက်မှာ ကြေညာပါတယ်။
မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘောင်းမ်က အမေရိကန်မှာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့ မက္ကဆီကိုနိုင်ငံသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အစိုးရမှာ တာဝန်ရှိပြီး ICE ရဲ့ ပုဂ္ဂလိက ထိန်းသိမ်းရေးစခန်းတွေမှာ မက္ကဆီကိုနိုင်ငံသားတွေ သေဆုံးနေရတာကို ဒီအတိုင်း ကြည့်မနေနိုင်တော့တဲ့အတွက် အခုလို အရေးယူဆောင်ရွက်ရတာလို့ ပြောပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်စပ်လုံခြုံရေးအဖွဲ့ (ICE) ရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ မက္ကဆီကိုနိုင်ငံသား ၁၄ ယောက် သေဆုံးခဲ့ပြီး ဖမ်းဆီးနှိမ်နင်းရေး စီမံချက်တွေအတွင်း နောက်ထပ် ၃ ယောက် သေဆုံးခဲ့တယ်လို့ မက္ကဆီကိုအစိုးရက ဆိုပါတယ်။
အရင်ကတော့ အမေရိကန်နိုင်ငံတွင်းမှာ အခုလို မက္ကဆီကိုနိုင်ငံသားတွေ သေဆုံးရမှုအပေါ် မက္ကဆီကိုဘက်က ကန့်ကွက်စကားပြောဆိုရုံပဲ ရှိခဲ့ပေမဲ့ အခုတခေါက်မှာတော့ အခြေအနေကို ပိုပြီး တင်းတင်းမာမာ တုံ့ပြန်လာတာ ဖြစ်ပါတယ်။
မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး ရိုဘတ်တိုဗီလပ်စကို ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒါမှမဟုတ် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနတွေနဲ့ သံတမန်နည်းအရ အကြိမ်ကြိမ် ဆွေးနွေးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် အခုလို တရားရေးဌာနကတဆင့် ရာဇဝတ်မှုကြောင်းအရ တရားစွဲပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုရတာလို့ ရှင်းလင်း ပြောကြားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း အမေရိကန်မှာ တရားမဝင် နေထိုင်လာတာ နှစ်ပေါင်း ၃၀ ရှိပြီဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် မက္ကဆီကိုနိုင်ငံသားတယောက်ကို ICE အေးဂျင့်တယောက်က သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
Source: Reuters










