
အီရန်ကို အလစ်အငိုက် လျှပ်တပြက်ဝင်တိုက်တဲ့ကိစ္စနဲ့ပတ်သက်တဲ့ မေးခွန်းကို ပုလဲဆိပ်ကမ်း ဗုံးကြဲမှုနဲ့ နှိုင်းယှဉ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ် ၁၉ ရက်က အိမ်ဖြူတော်မှာ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိနဲ့ တွေ့ဆုံချိန်မှာ နောက်ပြောင် ဖြေခဲ့ပါတယ်။
အီရန်ကို မတိုက်ခင် မဟာမိတ်တွေကို ဘာလို့ ကြိုမပြောတာလဲလို့ ဂျပန်သတင်းထောက် တယောက်က မေးတဲ့အခါ အလစ်အငိုက် ဖြစ်စေချင်လို့ ဘယ်သူ့ကိုမှ မပြောခဲ့တာဖြစ်ပြီး ဒီအကြောင်းကို ဂျပန်ထက် ပိုသိတဲ့သူ မရှိဘူးလို့ ထရမ့်ပ်က ဖြေခဲ့ပါတယ်။
အဲဒီနောက် ပုလဲဆိပ်ကမ်းအကြောင်းကို ဘာလို့ ကြိုမပြောခဲ့တာလဲလို့ သူက ဆက်လက် မေးခွန်း ထုတ်ခဲ့တဲ့အတွက် အခန်းထဲက ရယ်သံတွေ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပါတယ်။
အမေရိကန်ကို ဒုတိယကမ္ဘာစစ်ထဲ ပါဝင်လာစေခဲ့တဲ့ ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုဟာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ဖြစ်ပွားခဲ့တာပါ။
ထရမ့်ပ်ရဲ့ စကားအပေါ် ထောက်ခံသူတွေက သဘောကျခဲ့ကြပေမယ့် ဝေဖန်သူတွေကတော့ သမ္မတ တယောက်အနေနဲ့ ဒီလိုပြောတာဟာ မသင့်တော်ဘူးလို့ ထောက်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မာ့ဇ်နဲ့ တွေ့ဆုံချိန်မှာ ဇွန် ၆ ရက်နေ့ D-Day ဟာ အဓိပတိအတွက် သာယာတဲ့နေ့ မဟုတ်ဘူးလို့ ထရမ့်ပ်က နောက်ပြောင်ခဲ့ပါသေးတယ်။
အဲဒီတုန်းက ဂျာမနီနိုင်ငံကို နာဇီအာဏာရှင်စနစ်ကနေ လွတ်မြောက်စေခဲ့တဲ့နေ့ ဖြစ်တယ်လို့ မာ့ဇ်က ရှင်းပြခဲ့ပါတယ်။
အီရန်နဲ့ စစ်ဖြစ်ပြီးနောက် ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် ကူညီပေးဖို့ ဂျပန်ကို တောင်းဆိုခဲ့ပေမဲ့ မလုပ်ဆောင်ပေးဘူးလို့ပြောဆိုတာကြောင့် ထရမ့်ပ်က မကျေမနပ် ဖြစ်နေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျပန်ဥပဒေအရ လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေတွေကို ထရမ့်ပ်ကို အသေးစိတ် ရှင်းပြခဲ့တယ်လို့ ဝန်ကြီးချုပ် တာကာအိချိက သတင်းထောက်တွေကို ပြောပါတယ်။
Source: Reuters











