DVB Logo
Home
မြန်မာသတင်း
ခေါင်းဆောင်များ မလွှတ်မချင်း နေရပ်ရင်း ပြန်မည်မဟုတ်
DVB
·
November 25, 2012
ခေါင်းဆောင်များ မလွှတ်မချင်း နေရပ်ရင်း ပြန်မည်မဟုတ်
Donate to DVB

ပဲခူးတိုင်း ရေတာရှည်မြို့နယ် အာဏာပိုင်တွေက မတရား ရိုက်နှက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ မိုးမိမိုးထိ ဆန္ဒပြရွှေလုပ်သားတွေရဲ့ ခေါင်းဆောင်တွေကို ပြန်မလွှတ်မချင်း အခု စခန်းချနေတဲ့ ရေနီမြို့သီရိမင်္ဂလာ ဘုန်းကြီးကျောင်းကနေ စွန့်ခွာမှာ မဟုတ်ဘူးလို့ ဆန္ဒပြ အလုပ်သမားတွေက ဒီဗွီဘီကို ပြောပါတယ်။

အခုလို သူတို့ခေါင်းဆောင်တွေကို ဖမ်းဆီးထားချိန်မှာ အာဏာပိုင်တွေနဲ့ ဆန္ဒပြ အလုပ်သမားတွေကြားမှာ ညှိနှိုင်းပေးနိုင်မယ့် အဖွဲ့အစည်းတခုရှိရေးကိုလည်း ဆန္ဒပြ မိုးထိမိုးမိ လုပ်သားတွေကိုယ်စား ကိုလှိုင်မျိုးအောင်က အခုလို တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ ခေါင်းဆောင် ၄ ဦးမပါရင် ဘယ်ကိုမှလည်း သွားနိုင်မှာ မဟုတ်ဘူး၊ ဘယ်လိုဆွေးနွေးမှုမျိုးမှလည်း လုပ်နိုင်မှာမဟုတ်ဘူး။ သူတို့ဘက်က ဆွေးနွေးညှိနှိုင်းဖို့ ကမ်းလှမ်းခဲ့ရင်တော့ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိအောင် ဆွေးနွေးသွားမယ်။ ကျနော်တို့ဘက်ကိုလည်း နှစ်ဦးနှစ်ဖက် မျှမျှတတဆုံးဖြတ်နိုင်မယ့် အဖွဲ့အစည်း ဒါမှမဟုတ် ခုံရုံး၊ ဥပမာ ၈၈ လို အမာခံအဖွဲ့အစည်းမျိုး၊ အန်အယ်လ်ဒီ အမေစုတို့လို yes or no ဆုံးဖြတ်ပေးနိုင်မယ် သူမျိုးတွေရှိရင် ဆွေးနွေးမယ်ဆိုတာကို အကြောင်းပြန်ပေးထားတယ်။”

ရေနီမြို့ သီရိမင်္ဂလာ ဘုန်းကြီးကျောင်းဝင်မှာ စခန်းချနေတဲ့ ကျန်ရှိနေသေးတဲ့ အလုပ်သမား ၇၄ ဦးကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့လည်း ကိုလှိုင်မျိုးအောင်က ဆက်ပြောပါတယ်။

“ဖိအားက နေ့စဉ်ပေးတယ်၊ ခြိမ်းခြောက်မှုတွေလည်း နေ့စဉ်ပို့တယ်။ ဘယ်လိုဖိအားပေးပေး၊ ခြိမ်းခြောက်မှု ဘယ်လိုကြုံကြုံ ကျနော်တို့အနေနဲ့က တောင်ပေါ်မှာလည်း သေရင်လည်းသေ၊ မသေရင်လည်း အဖမ်းခံရရင် ခံရဆိုတဲ့ အဖိနှိပ်ခံဘ၀နဲ့ နေနေရတယ်။ အဲလိုနေရတာချင်းတူတူ ဒီမှာနေပြီး ကျနော်တို့ ခေါင်းဆောင်တွေမလာမချင်း ပြန်မရောက်မချင်း လုပ်ငန်းဆက်မလုပ်ဘူးဆိုတာကိုတော့ အတိအလင်းပြောချင်တယ်။”

မိုးထိမိုးမိက ဆန္ဒပြအလုပ်သမားတွေ စခန်းချနေတဲ့ ဘုန်းကြီးကျောင်းဝင်း အပြင်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြည့်နေကြပြီး အဲဒီ အလုပ်သမားစခန်းကို အခုချိန်အထိ အင်အားသုံး ဖြိုခွင်းတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013