DVB Logo
Home
မြန်မာသတင်း
မီတာခံ တိုးကောက်မှုကြောင့် ကုန်ဈေးနှုန်း မြင့်လာမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြော
DVB
·
June 30, 2019
မီတာခံ တိုးကောက်မှုကြောင့် ကုန်ဈေးနှုန်း မြင့်လာမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြော
Donate to DVB

လျှပ်စစ်ဓာတ်အားခ တိုးမြှင့်လိုက်တာကြောင့် ကုန်ဈေးနှုန်း မြင့်မားလာမှမဟုတ်ဘဲ လျှပ်စစ်မီးပုံမှန်ရပါက နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပိုတိုးတက်လာလိမ့်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဇွန် ၂၉ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုသွားတာပါ။

“လျှပ်စစ်ဈေးနှုန်း တိုးသွားတဲ့အပေါ်  တချို့ ကုန်ဈေးနှုန်း ကြီးလာမလား၊ ထုတ်ကုန်တွေများ ပိုပြီး ဈေးမြင့်လာမလားဆိုတာ မဟုတ်ပါဘူး။  လျှပ်စစ်မီးလုံလုံလောက်လောက်မရလို့ ထုတ်လုပ်မှု စရိတ်တွေ ကြီးနေတာဖြစ်ပါတယ်။ စက်ရုံတွေအနေဲ့ မီးစက်တွေပြင်ဆင်ထားရတယ်။ မီးစက် မောင်းမယ့်ဝန်ထမ်းတွေခန့်ထားရတယ်။ အဲဒါအပြင် ဒီဇယ်တွေလည်း သိုလှောင်ထားရတယ်။ မီးလာလာ မလာလာ တရက်တကြိမ်တော့ မောင်းရတယ်။  ဒါကြောင့်လျှပ်စစ်ကို ဈေးနှုန်း နည်းနည်းနဲ့ ရပေမယ့် လုံလုံလောက်လောက်မရဘဲ မမျှော်မှန်းနိုင်တဲ့ ကုန်ကျစရိတ်တွေ အများကြီး ထပ်ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ လျှပ်စစ်သာ မှန်မှန်ပေးနိုင်မယ်ဆိုရင် မီးစက်တွေလည်း ထားစရာမလိုဘူး၊ ဆီတွေလည်း လှောင်ထားစရာမလိုဘူး။”

အဲဒါကြောင့် ဓာတ်အားခ တိုးမြှင့်လိုက်ပေမယ့် လျှပ်စစ်မီးပုံမှန်ရရင် နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်လာနိုင်မယ်လို့ ၀န်ကြီးချုပ်က ဆိုပါတယ်။

“လျှပ်စစ် တည်ငြိမ်ပြည့်ဝတဲ့ နှုန်းထားနဲ့သာရမယ်ဆိုရင် ဒီစက်တွေရဲ့ လည်ပတ်မှုကလည်း ပိုမိုအားကောင်းလာနိုင်မယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ပိုပြီးရောက်လာနိုင်စရာရှိပါတယ်။ ဒါကြောင့် လျှပ်စစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပေးနိုင်ဖို့အတွက် အခုစစချင်း ချက်ချင်းကြီး ဖြစ်သွားမလားဆိုတာထက် အချိန် တနှစ်တန်သည် တနှစ်ခွဲတန်သည်လောက်မှာ အားလုံးဟာ အဆင်ပြေသွားလိမ့်မယ်လို့ ယူဆပါတယ်။”

လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လာရောက်တာ ရှိပေမယ့် ကောက်ခံမယ့် ဈေးနှုန်း ညှိနှိုင်းမရတာကြောင့် အဆင်မပြေခဲ့ဘူးလို့ ပြောပါတယ်။

“ကျနော့်ကို လာတွေ့တဲ့ ကုမ္ပဏီတွေ များစွာရှိပါတယ်။ သူတို့ကို ပြည်ထောင်စုလျှပ်စစ်ဌာနနဲ့ ဆွေးနွေးဖို့ တွန်းအားပေးခဲ့ပါတယ်။ ယခင်တုန်းက အဆင်ပြေမှု အားနည်းခဲ့ပါတယ်။ အခု ကျနော်တို့ ပြုပြင်ပြောင်းလဲလာတဲ့အပေါ် အဆင်ပြေမယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်တင့်မျှတတဲ့ နှုန်းထားတခု ပေးလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့  လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို  ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက်နေ့မှ စပြီး ပြင်ဆင်သတ်မှတ်ထားပါတယ်။ အခု ပြင်ဆင်လိုပ်တဲ့နှုန်းထားဟာ အရင်ထက် ၂ ဆဝန်းကျင် တိုးမြှင့်လိုက်တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013